21
Fri, Sep
685 New Articles

လေယာဉ်ပျက်ကျပြီး ပေါက်ကွဲမှုမဖြစ်ပွားမီ အသက် ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး ခုန်ထွက်လွတ်မြောက်

လေယာဉ်ပျက်ကျစဉ် အသက်မသေဘဲ ကျန်ရစ်သည့် ကလေးငယ်ကို ကယ်ဆယ်ရေးသမားများက ကယ်ထုတ်နေစဉ်(ဓာတ်ပုံ-အင်တာနက်) Australia / Oceania

ဆစ်ဒနီ ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အနောက်ပါပူဝါ၌ အပေါ့စားလေယာဉ်ငယ် တစ်စင်းပျက်ကျရာတွင် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အသက်ရှင်လွတ်မြောက်သွားကြောင်း ၊ ၄င်းကလေးငယ်၏ ဖခင်သည် ဆွစ်ဇာလန်နိုင်ငံထုတ် Pilatus PC-6 လေယာဉ်ပေါ်မှ ခုန်ထွက်စဉ် ကလေးငယ်ကို လက်မောင်း၌ ပွေ့ ချီထားခဲ့ကြောင်း နှင့် ယင်းလေယာဉ်ပျက်ကျမှုအတွင်း လူ ၈ ဦးသေဆုံးသွားကြောင်း သိရသည်။

“ လေယာဉ်က မြေပြင်ပေါ် ပျက်ကျတဲ့အခါမှာ သူ့ အဖေက သူ့ ကိုပွေ့ ချီထားတယ်။ပြီးတော့ သူတို့ ခုန်ထွက်ကြတယ်” ဟု ကလေးငယ်၏ ဦးလေးဖြစ်သူက ဒေသတွင်းမီဒီယာသို့ ယနေ့ သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“ ကလေးအဖေ ဦးခေါင်းက ကျောက်တုံးတစ်တုံးနဲ့ ဆောင့်မိလို့ ဆုံးသွားရတာပါ ။ ကလေးကတော့ လွတ်ထွက်သွားတာပေါ့” ဟု ၄င်းကဆိုသည်။

သြဂုတ် ၁၁ ရက်တွင် အနောက်ပါပူဝါရှိ Oksibil ခရိုင်အတွင်း လေယာဉ်ပျက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ လေယာဉ်သည် မှောင်မဲနေသော တိမ်တိုက်ကြီးထဲသို့ တိုးဝင်ခဲ့ပြီး ကျောက်တောင်စောင်းတစ်ခု အပေါ်တွင် ပြန်လည်ပေါ် ထွက်လာခဲ့ကြောင်း သိရသည်။

လေယာဉ်အရေးပေါ်အချက်ပေးစနစ်ထွက်ပေါ်လာစဉ် ဖခင်ဖြစ်သူသည် ကလေးငယ်အား ပွေ့ ချီ၍ လေယာဉ်မှ ခုန်ထွက်ပြီး ၄င်း၏ ရင်သွေးငယ်အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပြီးနောက် ကလေးငယ် ပြန်လည်သတိရလာသောအခါ လေယာဉ်ဘက်သို့ ဦးတည်တွားသွားခဲ့ကြောင်း ၊ သြဂုတ် ၁၃ ရက် အစောပိုင်းတွင် ယင်းနေရာ၌ ကယ်ဆယ်ရေးသမားများက ၄င်းအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဆေးရုံရောက်ရှိစဉ် ကလေးငယ်၏ အခြေအနေမှာ တည်ငြိမ်မှုရှိနေခဲ့ပြီး ညာဘက်လက်တွင် ဒဏ်ရာကြီးကြီးမားမားတစ်ခုသာ ရရှိခဲ့ကြောင်း ဆရာဝန်တစ်ဦးက ဆိုသည်။

“ သူဟာ ဆေးရုံကို တည်တည်ငြိမ်ငြိမ်နဲ့ ပဲ ရောက်လာတာပါ” ဟု ဆေးရုံအကြီးအကဲ Heri Budiono က ဆိုသည်။ “ သူ့ မှာ လွန်လွန်ကဲကဲသွေးထွက်တာမျိုးမရှိပါဘူး။ ဒဏ်ရာသေးသေးလေးလောက်ပဲ ရတာပါ” ဟု ၄င်းက ဆိုသည်။

လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်း ၈ လောင်းကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း နှင့် အဆိုပါ ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုထံပြန်လည် ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)