18
Thu, Jan
564 New Articles

ရုရှားသမ္မတပူတင်က ဆီးရီးယား၌ ရေတပ်အခြေစိုက်စခန်းဖွင့်ရန် လွှတ်တော်သို့ တင်ပြ

မြေထဲပင်လယ်တွင် ရုရှားရေငုပ်သင်္ဘောတစ်စင်းမှ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေသည်ကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် တွေ့ ရစဉ်(ဆင်ဟွာ) Eastern Europe

မော်စကို ၊ ဒီဇင်ဘာ ၁၄ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ဆီးရီးယားနိုင်ငံ Tartus ဆိပ်ကမ်း၌ အနည်းဆုံး ၄၉ နှစ်ကြာ ဖွင့်လှစ်ခွင့်ရမည့် ရေတပ်အခြေစိုက်စခန်းတစ်ခုကို ဆီးရီးယားနိုင်ငံနှင့်အတူ တည်ဆောက်သွားရန် ဒူးမားလွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ အခြေစိုက်စခန်းမှာ ဖွင့်လှစ်ခွင့် သက်တမ်းကုန်ဆုံးပြီးနောက်တွင်လည်း ၂၅ နှစ်လျှင် တစ်ကြိမ် အလိုအလျှောက် သက်တမ်းတိုးခွင့် ထပ်မံရရှိမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ထည့်သွင်းထားသည်ဟု ရုရှားနိုင်ငံဒူးမားလွှတ်တော်၏ အင်တာနက်စာမျက်နှာတွင် ဒီဇင်ဘာ ၁၃ ရက်က ရေးသားဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်ကို ဇန်နဝါရီ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ၊  ရုရှား နှင့် ဆီးရီးယားနိုင်ငံတို့ သည် Tartus မြို့ မြေထဲပင်လယ်၌ အခြေခံအဆောက်အအုံတည်ဆောက်ခွင့် နှင့် အသုံးပြုခွင့် ကို ၁၉၇၇ ခုနှစ်ကတည်းက သဘောတူညီမှုရှိထားကြောင်း နှင့် လတ်တလောတွင် မြေထဲပင်လယ်၌ ရုရှားနိုင်ငံ၏ ရေတပ်ထောက်ပံ့ရေး ပစ္စည်းကိရိယာများကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သဘောတူညီချက်အရ ဆီးရီးယားဆိပ်ကမ်း၌ ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေယာဉ်များအပါအဝင် စစ်သင်္ဘော ၁၁ စင်းကို ဆိုက်ကပ်ခွင့်ပြုမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ရုရှားဒူးမားလွှတ်တော်က ယခုလကုန်ပိုင်းတွင် အတည်ပြုသွားရန် မျှော်လင့်ထားသည်။ ဆီးရီးယားနိုင်ငံ၌ အိုင်အက်စ်စစ်သွေးကြွများအပေါ် အောင်မြင်မှုရရှိခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ၄င်း၏ တပ်ဖွဲ့ ဝင်များကို ဆီးရီးယားမှ ပိုမို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သော်လည်း စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံရှိ Tartus အခြေစိုက်စခန်း နှင့် Hmeymim လေတပ်စခန်းကို ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)