23
Sat, Sep
714 New Articles

ဂျာမနီ နိုင်ငံ မှ သူနာပြု တစ်ဦး က အနည်းဆုံး လူပေါင်း ၉၀ ကျော် ကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

လူပေါင်း အနည်းဆုံး ၉၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် သူနာပြု Niels H အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Europe

ဘာလင် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် တွင် လူနာနှစ်ဦး ကို အဆိပ်ထိုး သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခဲ့သည့် အမျိုးသား သူနာပြု Niels H သည် အနည်းဆုံးလူပေါင်း ၉၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ ဂျာမနီ နိုင်ငံ တွင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် အဆိုးရွားဆုံးသော လုပ်ကြံသတ်ဖြတ်မှု တစ်ခု ဖြစ်ကြောင်း ဂျာမနီ နိုင်ငံ ရဲတပ်ဖွဲ့ က သြဂုတ်လ ၂၈ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြမှုအရ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် သည် ၃ နှစ်ကြာ စစ်ဆေးမှုများ အရ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ နှင့် တရားရုံး တို့မှ အတူတကွ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယခုချိန်တွင် အသက် ၄၀ ရှိသော Niels H သည် ဂျာမနီ နိုင်ငံ Lower Saxony ပြည်နယ် ရှိ ဆေးရုံနှစ်ရုံ ၏ အထူးကြပ်မတ်ဆောင်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ၄င်းသည် ၂၀၀၃ ခုနှစ် မှ ၂၀၀၅ ခုနှစ် အတွင်း အထူးကြပ်မတ်ဆောင်ရှိ လူနာများကို ဆေးဝါးအလွန်အကျွံ ထိုးသွင်းခြင်းဖြင့် လူနာများ နှလုံးပျက်ဆီး ကာ သေဆုံးအောင် ဆောင်ရွက်ခဲ့သည်။ Niels H သည်  အမှုဆောင်ရွက်ရသည့် ရည်ရွယ်ချက် အနေဖြင့် လူနာများအား အရေးပေါ်အခြေအနေဖြစ်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် မိမိ၏ ကယ်တင်ခြင်း စွမ်းရည် ကို ဖော်ပြလိုသောကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

 

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် Niels H ၏ ဆောင်ရွက်မှုများသည် လူသတ်မှု ကဲ့သို့သာ ဖြစ်ပြီး သေဆုံးခဲ့သူပေါင်း ၁၃၀ ဦး ကို စစ်ဆေးခဲ့ရာတွင် အနည်းဆုံး ၉၀ ဦးမှာ ဆေးဝါး အလွန်အကျွံ ထိုးသွင်းခြင်းကြောင့် သေဆုံးခဲ့ရကြောင်း ကို တွေ့ရှိခဲ့ရပြီး အခြားသေဆုံးခဲ့သူ အများအပြား မှာလည်း    မီးသင်္ဂြိုလ် လိုက်ပြီး ဖြစ်သောကြောင့် စစ်ဆေးနိုင်ခြင်း မရှိတော့ကြောင်း ပါဝင် ခဲ့သည်။

 

ပြစ်မှုကျူးလွန်သူ Niels H ၏ ဆောင်ရွက်မှု များအား ၂၀၀၅ ခုနှစ်တွင် ၄င်း မှ လူနာတစ်ဦးကို ဆေးဝါး ထိုးသွင်းနေစဉ် လုပ်ဖော်ကိုင်ဘက် အမျိုးသမီး တစ်ဦး က တွေ့ရှိခဲ့ခြင်း မှ စတင်သိရှိခဲ့ရသည်။၂၀၁၅ ခုနှစ်၌ ဂျာမနီ နိုင်ငံ တရားရုံး က ၄င်းအား လူနာနှစ်ဦး ကို နှလုံး ပျက်စီး အောင် ဆေးဝါး အလွန်အကျွံ ထိုးသွင်းမှု ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ သို့သော် Niels H မှ လူများ မည်မျှ သတ်ဖြတ်ခဲ့သည် နှင့် ပတ်သက်၍ ယင်းအမှု ကို ကိုင်တွယ်သည့် စစ်ဆေးရေးမှူး က တိကျသည့် အရေအတွက် သည် ထာဝရ သိရှိနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)