19
Thu, Jul
800 New Articles

ပေါ်တူဂီတွင် ဆိုင်ကယ်စီး ခိုးဆိုးနှိုက် ဒုစရိုက်သမားများကို ရှာဖွေဖမ်းဆီး

ပေါ်တူဂီလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ) Europe

လစ္စဘွန်း ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ပေါ်တူဂီရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်တွင် တစ်နိုင်ငံလုံးရှိ မြို့များ၌ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ Hells Angels ဒုစရိုက်ဂိုဏ်းမှ ဆိုင်ကယ်စီး ဒုစရိုက်သမား ၅၆ ယောက်အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ 

လုံခြုံရေးရဲတပ်ဖွဲ့များက ပေါ်တူဂီနိုင်ငံ မြို့အသီးသီးရှိ Hells Angels ဒုစရိုက်ဂိုဏ်း ခိုလှုံရာနေရာ ၈၀ ကျော်ကို ဇူလိုင်လ ၁၁ ရက်နေ့က ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ဒုစရိုက်သမား စုစုပေါင်း ၅၆ ယောက် ကို ဖမ်းဆီးရရှိခဲ့ကြောင်း ၊ ၄င်းတို့အနက် ၄ ယောက်မှာ ဂျာမဏီ နိုင်ငံသားဖြစ်ပြီး ၁ ယောက်မှာ ဖင်လန်နိုင်ငံသားဖြစ်ကြောင်း ၊ ဖမ်းဆီးရရှိသူများသည် ခိုးယူလုယက်မှု၊ လိမ်လည်မှု၊ လူသတ်မှု စသည့်ပြစ်မှုများကို ကျူးလွန်ထားသူများဟု သံသယရှိသူများဖြစ်ကြောင်း  ပေါ်တူဂီရဲတပ်ဖွဲ့က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

လာမည့်အပတ်တွင် ပြုလုပ်မည့် ပေါ်တူဂီနိုင်ငံတောင်ပိုင်း Faroမြို့စုဝေးပွဲတွင် Hells Angels ဒုစရိုက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်ရန် ရဲအင်အား ၄၀၀ ခန့်ကို အသုံးပြုပြီး မြို့တော်လစ္စဘွန်း၊  Setúbal ၊ Faro၊ Aveiro စသည့်မြို့များတွင် တပြိုင်နက်တည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုနှစ် မတ်လက လစ္စဘွန်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်  Hells Angels ဒုစရိုက်ဂိုဏ်းသမား အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)