နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ရှိဗလီ တိုက်ခိုက်မှုများတွင် အမျိုးသားတစ်ဦးအား တရားစွဲထား

နယူးဇီလန်နိုင်ငံ ဝယ်လ်လင်တန်မြို့တွင် မတ်လ ၁၆ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်အား တွေ့ရစဉ် (ဆင်ဟွာ) Europe

ခရိုက်စ်ချာ့ခ်ျ၊ နယူးဇီလန်၊ မတ် ၁၆ ရက် (ဆင်ဟွာ

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ရှိ ဗလီနှစ်ခုတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သော အသက် ၂၈ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့် (Brenton Tarrant) အား လူသတ်မှုဖြင့် မတ်လ ၁၆ ရက် နံနက်ပိုင်းက တရားစွဲလိုက်ကြောင်း သိရသည်။

မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၄၉ ဦးထက်မနည်း သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။တာရန့်နှင့်အတူ အခြား သြစတြေးလျနိုင်ငံသား နှစ်ဦးလည်း ဖမ်းမိခဲ့သည်။အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နယူးဇီလန်နိုင်ငံ၏ သေနတ်ဥပဒေအား ပြောင်းလဲသွားမည် ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က မတ်လ ၁၆ ရက်တွင် ပြည်သူလူထုအား ထပ်လောင်းပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများပြီးနောက် သေနတ် ၅ လက်တွေ့ရှိခဲ့ပြီး ယင်းအနက် နှစ်လက်မှာ semi-automatic သေနတ်များ ဖြစ်ကြောင်း၊ အခြား လက်နက်များနှင့် ခြောက်လုံးပြူးသေနတ်များလည်း ရဲတပ်ဖွဲ့က သိမ်းယူခဲ့ရကြောင်း သိရသည်။သေနတ်သမားများက အဆိုပါ သေနတ်များအား လိုင်စင်ဖြင့် ကိုင်ဆောင်ခြင်းဖြစ်ကြောင်းနှင့် “ကျွန်မတို့ရဲ့ သေနတ်ဥပဒေကို ပြင်ဆင်မယ်” ဟု အာဒန်က ဆိုသည်။တိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးအား ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့အားလုံးမှာ သြစတြေးလျနိုင်ငံသားများဖြစ်ကြောင်း၊ သို့သော် ၎င်းတို့မှာ နယူးဇီလန်နှင့် သြစတြေးလျ နှစ်နိုင်ငံလုံးတွင် စောင့်ကြည့်စာရင်းတွင် ပါရှိသူများ မဟုတ်ကြကြောင်း၊ စတုတ္ထမြောက် ဖမ်းမိထားသူမှာ လူသတ်မှုနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် ၎င်းအား တရားရှင်လွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)