22
Mon, Apr
608 New Articles

နယူးဇီလန်နိုင်ငံ ခရစ်ချပ်ခ်ျမြို့တွင် ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံး ၊ ၅၀ ဒဏ်ရာရ

အချင်းဖြစ်ပွားသည့် ဗလီကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေစဉ် (ဆင်ဟွာ) Europe

ခရစ်ချပ်ခ်ျ ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ခရစ်ချပ်ခ်ျမြို့တွင် ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုတွင်  သေဆုံးသူတစ်ဦး ထပ်မံတွေ့ရှိရရာ လက်ရှိတွင် သေဆုံးသူ ၅၀ ရှိပြီး လူ ၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ရဲဌာနချုပ်က မတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။ 

စုံစမ်းစစ်ဆေးရေးသမားများက အချင်းဖြစ်ပွားသည့် Masjid Al Noorဗလီကျောင်းတွင် ရှင်းလင်းရေးများပြုလုပ်စဉ် သေဆုံးသူတစ်ဦးကို ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း အကြီးတန်းရဲအရာရှိ Mike Bush က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

သေနတ်ပစ်ခတ်မှုတွင် ဒဏ်ရာရသူ ၅၀ ခန့်ရှိပြီး ၄င်းတို့အနက် ၃၆ ဦးမှာ ခရစ်ချပ်ခ်ျဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ၊ ၄င်းတို့အနက် ၂ ဦးမှာ ICUတွင် ဆေးကုသနေကြောင်းနှင့် ကလေးငယ်တစ်ဦးမှာ ကလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း Mike Bush က ဆိုသည်။ 

 အချင်းဖြစ်ပွားသည့် ဗလီကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေစဉ် (ဆင်ဟွာ) 

ဗလီကျောင်းနှစ်ခုတွင် မတ် ၁၅ ရက်က ပြင်းထန်ဆိုးဝါးသည့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အသက် ၂၈ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့် ( Brenton Tarrant) ကို  လူသတ်မှုဖြင့် တရားစွဲဆိုထားရာ မတ် ၁၆ ရက် နံနက်ပိုင်းက ခရစ်ချပ်ခ်ျဒေသ တရားရုံးထုတ်စစ်ဆေးခဲ့ပြီး ဧပြီ ၅ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အချင်းဖြစ်ပွားပြီးနောက် သေနတ်အန္တရာယ်လုံခြုံရေးဆိုင်ရာပြဿနာကို နယူးဇီလန်တွင် ပြည်သူများက အာရုံစူးစိုက်နေကြရာ နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern)က အချင်းဖြစ်ရပ်မှာ ကြိုတင်စီစဉ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ကြောင်းနှင့် သေနတ်ဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အော်တိုရိုင်ဖယ် သေနတ်ရောင်းဝယ်ခြင်းများကို တားမြစ်ကြောင်း နယူးဇီလန် ရှေ့နေချုပ် David Parkerက လည်း မတ် ၁၆ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)