ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)
အီရန်က ခြိမ်းခြောက်သည့်လုပ်ဆောင်ချက်များကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အဆုံးစွန် ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့ကြောင်းသိရသည်။
ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်များကို အီရန်က ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် အမေရိကန်က ပိတ်ဆို့မှုများကိုလည်းရပ်တန့်မည်မဟုတ် ပို၍ ထပ်တိုးဆောင်ရွက်သွားမည်ဟု ထရမ့်က ဆိုသည်။
ထိုမတိုင်မီ အီရန်သမ္မတ ရိုဟာနီက ၂၀၁၅ ခုနှစ်တွင်ရရှိထားသည့် အီရန်နျူကလီးယားသဘောတူညီချက်ကို အနည်းငယ်ပြင်ဆင်ဖြည့်စွက်ရန် ဆွေးနွေးမှုကို တံခါးဖွင့်ထားကြောင်း ၊ သို့သော် ထိုသို့ ဆွေးနွေးရန်မှာ အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း နယူးယောက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။
(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စက်တင်ဘာ ၂၄ ရက် ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ထရမ့်အား တွေ့ရစဉ်(ဆင်ဟွာ)
ထရမ့်နှင့်ရိုဟာနီ ယခုကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပစဉ်ကာလအတွင်း တွေ့ဆုံနိုင်ကြောင်း ယခင်က သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ ယခုလ ၁၄ ရက်တွင် ဆော်ဒီရေနံကုမ္ပဏီ နေရာနှစ်ခု တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်-အီရန် ဆက်ဆံရေး ပိုမိုဆိုးဝါးလာရာ အမေရိကန်က အဆိုပါတိုက်ခိုက်မှုကို အီရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြစ်တင်ကာ ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်ခဲ့သည်။ ယင်းကိစ္စအပေါ် အီရန်က ပြတ်သားစွာ ငြင်းဆိုထားသည်။ အီရန် သမ္မတ ရိုဟာနီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တွေ့ဆုံရန် အစီအစဉ်မရှိဟု ထရမ့်က စက်တင်ဘာ ၂၃ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။
ယခုကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်ပေါင်း ၁၉၆ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)