23
Wed, Jan
660 New Articles

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ရာထူးမှ နုတ်ထွက်

North America

ဝါရှင်တန် ၊ ဇန်န၀ါရီ ၈  ရက်(ဆင်ဟွာ)

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇန်န၀ါရီ ၇ ရက်တွင် ကြေညာခဲ့သည်။ 

Kim က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခွင့်ရခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းသာ ကြောင်း ၊ ကမ္ဘာ့ဘဏ်သည်  ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတွင် အထူးအားထားလုပ်ဆောင်လျက်ရှိ ကြောင်း ၊ ကမ္ဘာ့ဆင်းရဲသားလူဦးရေ၏လိုအပ်ချက် များလာခြင်း ၊ ရာသီဥတု ပြောင်းလဲခြင်း ၊ ငတ်မွတ် ခေါင်းပါးခြင်း၊ ကူးစက်ရောဂါ၊ ဒုက္ခသည်အရေးစသည့် ပြဿနာများက ပိုမိုကျယ်ပြန့်ရှုပ်ထွေးလာရာ ကမ္ဘာ့ဘဏ်၏လုပ်ငန်းတာဝန်မှာ ယခင်မည်သည့်အချိန်ကထက်မဆို ပို၍အရေးပါလာကြောင်း ၄င်း၏ ဇန်န၀ါရီ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ 

Kim ရာထူးမှနုတ်ထွက်သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကမ္ဘာ့ဘဏ် အမှူဆောင်အရာရှိချုပ် Kristalina Georgieva က ယာယီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။Jim Yong Kimသည် ၁၉၅၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ မွေးဖွားခဲ့ပြီး ၅ နှစ် အရွယ် တွင် မိသားစုနှင့်အတူ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း၊ ဟားဗတ်တက္ကသိုလ် ပါရဂူ ဘွဲ့ကို ရရှိခဲ့ပြီး ဟားဗတ်တက္ကသိုလ်ဆေးပညာပါမောက္ခအဖြစ်လည်းကောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် အကြံပေးအနေဖြင့်လည်းကောင်း ၊ Dartmouth College ကျောင်းအုပ်အနေဖြင့် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ ၂၀၁၂ခုနှစ်တွင်  သမ္မတ အိုဘားမားက  ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌလောင်းအဖြစ် Jim Yong Kimကို အမည်စာရင်း တင်သွင်း ရာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ဘဏ် အမှုဆောင် ဒါရိုက်တာ များက Jim Yong Kimအား ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် သဘောတူညီ ခဲ့ကြောင်း ၊ ၄င်း၏ဥက္ကဋ္ဌ ဒုတိယသက်တမ်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်ပြီး ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)