19
Mon, Aug
551 New Articles

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ်အမတ်က အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဆို

၂ဝ၂ဝ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်အမတ် Eric Swalwell အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) North America

ဝါရှင်တန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

အမေရိကန်ဒီမိုကရက်တစ်အမတ် Eric Swalwell သည် လက်ရှိသမ္မတဒေါ်နယ်ထရမ့်အား ဖယ်ရှားရန် ကိုယ်စားလှယ်များလောင်းများစွာ အကြိတ်အနယ်ပါဝင်ယှဉ်ပြိုင်ကြမည့် သမ္မတရွေးကောက်ပွဲတွင် ၄င်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ တိုင်းတစ်ပါးက ခြိမ်းခြောက်မှုတွေနဲ့ ပြဿနာတွေကို အဖြေမရှာနိုင်ဘဲ သဲထဲနစ်မြုပ်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်” ဟု U.S ရုပ်သံအစီအစဉ်တွင် Swalwell က ဖြေကြားခဲ့ပြီး ၄င်းအနေဖြင့် “ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ အသင့်ရှိပါတယ်” ဟုဖြည့်စွက်ပြောကြားခဲ့သည်။

အသက် ၃၈ နှစ်အရွယ် Swalwell သည် ကယ်လီဖိုးနီးယားပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ၄င်းအနေဖြင့် လက်နက်ထိန်းချုပ်ရေးအတွက် ကြွေးကြော်၍ ရွေးကောက်ပွဲမဲဆွယ်ဖွယ် ရှိကြောင်း ခန့် မှန်းရသည်။ ၄င်းသည် ဧပြီ ၉ ရက်တွင် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီက လူပေါင်း ၁၇ ဦး သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော စာသင်ကျောင်းတည်ရှိရာ Parkland အနီးတွင် လူထုဟောပြောပွဲပြုလုပ်ရန် စီစဉ်ထားသည်။

Swalwell သည် ၂ဝ၂ဝ ပြည့်နှစ်သမ္မတရွေးကောက်ပွဲဝင်ရန် လွန်ခဲ့သော လများစွာကတည်းက အသိပေးမှုပြုလုပ်ထားခဲ့သည်။၎င်းသည် ၂ဝ၁၃ ခုနှစ်ကတည်းက အောက်လွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဆီးနိုတ်အမတ် Bernie Sander ၊ Kamala Harris ၊ Elizabeth Warren နှင့် ယခင်လွှတ်တော်အမတ်ဟောင်း Beto O’Rourke တို့ အပါအဝင် တစ်ဒါဇင်ကျော်မျှရှိသော သမ္မတလောင်းများက မဲဆွယ်မှုစတင်ပြီးနောက်တွင် Swalwell၏ ရွေးကောက်ပွဲဝင်မည့် ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ထို့ ပြင် အမေရိကန်နိုင်ငံဒုတိယသမ္မတ(ဟောင်း)ဂျိုးဘိုင်ဒန်(Joe Biden) ကလည်း သမ္မတရွေးကောက်ပွဲတွင် ပါဝင်လာရန်ရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)