27
Thu, Jun
543 New Articles

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ထံမှ စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း ထရမ့်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ ရစဉ်(ဆင်ဟွာ) North America

ဝါရှင်တန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်ထံမှ “အလွန်နှစ်လိုဖွယ်ကောင်းသော” ပေးစာတစ်စောင်ကို ၄င်းလက်ခံရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထရမ့်သည် Iowa သို့ သွားရောက်ရန် သမ္မတအိမ်ဖြူတော်မှ မထွက်ခွာမီ သတင်းသမားများအားပြောကြားခဲ့ရာတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ထံမှ “ အလွန်နွေးထွေးမှုရှိသော ၊ အလွန်ကောင်းမွန်သော” စာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့ သော် စာပါအကြောင်းအရာများကို အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ထရမ့်က မြောက်ကိုရီးယားနိုင်ငံ၏ အလွန်အရေးပါပုံကို ထည့်သွင်းပြောကြားခဲ့သလို ၄င်းအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့် နှင့် ၄င်း၏ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ယိုတို့ သည် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများသို့  ဇွန်လ နှောင်းပိုင်းတွင် သွားရောက်ရန် စီစဉ်ထားပြီး ခရီးစဉ်အတွင်း အမေရိကန်သည် ၄င်း၏ မဟာမိတ် နှစ်နိုင်ငံခေါင်းဆောင်များနှင့်အတူ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Morgan Ortagus က ဇွန် ၁ဝ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုများထားရှိနေစဉ်အတွင်းမှာပင် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့်ဆွေးနွေးရန် တံခါးဖွင့်ထားဆဲဖြစ်ကြောင်းကိုလည်း Ortagus က အတည်ပြုပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တော်၌ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့သော ထရမ့် နှင့် ကင်တို့ ၏ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးအပြီး ယင်းနောက်ပိုင်းတွင် အမေရိကန် နှင့် မြောက်ကိုရီးယားအကြား နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲများ ရပ်တန့် နေခဲ့ကြောင်း သိရသည်။(Xinhua)