ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုထုံးသစ်ဖြစ်သည့် Convalescent plasma therapy ကို အသုံးပြု၍ ရောဂါပြင်းထန်သော လူနာများအား ကုသခဲ့ရာ အခြေအနေ တိုးတက်မှုရှိလာကြောင်း သိရသည်။
အဆိုပါ ကုထုံးတွင် COVID-19 ရောဂါကုသပျောက်ကင်းသွားသူများ၏ ပဋိဇီဝပစ္စည်းများပါဝင်သော သွေးရည်ကြည် (Convalescent plasma) ကို အသုံးပြု၍ ဗိုင်းရပ်စ်ကူးစက်ခံရသည့် အခြားလူနာများအား ကုသပေးလျက်ရှိကြောင်း တရုတ် အမျိုးသား ဇီဝနည်းပညာအုပ်စု အဆိုအရ သိရသည်။
ကုသမှုဆိုင်ရာ ရောဂါဗေဒဖြစ်စဉ်အရ ရောဂါသက်သာပျောက်ကင်းသွားသော လူနာအများစု၏ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်တိုက်ဖျက်ရန် အထူးပဋိပစ္စည်းများ ထွက်ပေါ်လာကာ ယင်းက ဗိုင်းရပ်စ်သတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်း ပညာရှင်များက ဆိုသည်။
ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်းကုထုံးဖြင့် ဝူဟန့်မြို့၊ ကျန်းရှခရိုင်ရှိ ဆေးရုံ၌ ရောဂါပြင်းထန်သည့်လူနာ သုံးဦးကို စတင်ကုသခဲ့သည်။ လက်ရှိတွင် အဆိုပါ ကုသမှုကို ခံယူနေသော ရောဂါပြင်းထန်သည့် လူနာ ၁၀ ဦးကျော်ရှိကြောင်း ကုမ္ပဏီက ဆိုသည်။
လက်တွေ့ကုသမှုရလဒ်များအရ လူနာများသည် Convalescent plasma ကုထုံးကိုခံယူထားပြီး ၁၂ နာရီမှ ၂၄ နာရီအတွင်း တိုးတက်မှုရှိလာသည်ကို တွေ့ရသည်။
တိကျ၍ ဘေးကင်းသော ဇီဝလုံခြုံမှုစမ်းသပ်မှုများ၊ ဗိုင်းရပ်စ် သေဆုံးမှုနှင့် ဗိုင်းရပ်စ်နှိမ်နင်းရေး စမ်းသပ်မှုများ လုပ်ဆောင်ပြီးနောက် Convalescent plasma ကုထုံးအား လက်တွေ့ကုသမှုအတွက် အောင်မြင်စွာ ဖော်ထုတ်လိုက်ပြီး ရောဂါပြင်းထန်သောလူနာများအား လက်တွေ့ကုသရန် အသုံးပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီက ဝူဟန့်တွင် ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ အထူးကိရိယာအသုံးပြု၍ ရောဂါပျောက်ကင်းသွားသူများထံမှ သွေးရည်ကြည်များ စုဆောင်းမည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။
ယင်းကုမ္ပဏီ၏ ပြောကြားချက်အရ ၎င်းတို့သည် Convalescent plasma ကုထုံးဆိုင်ရာ ထုတ်ကုန်များ ပြင်ဆင်ရန် ရောဂါကုသပျောက်ကင်းသွားသူအချို့ထံမှ သွေးရည်ကြည်များ စုဆောင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
Convalescent plasma ကုထုံးအတွက် သွေးရည်ကြည်စုဆောင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း လုပ်ငန်းစဉ်များမှာ ဘေးကင်းပြီး စေ့စပ်သေချာ၍ အချိန်တိုဖြင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ရောဂါသက်သာပျောက်ကင်းသွားသူများကိုလည်း အသက်အန္တရာယ်စိုးရိမ်ရသော အခြားလူနာများကို ကူညီရေးအတွက် သွေးရည်ကြည်များ လှူဒါန်းရန် တရုတ် အမျိုးသား ဇီဝနည်းပညာအုပ်စု ကုမ္ပဏီနှင့် ဝူဟန့် သွေးစင်တာတို့က အကြံပြုထားသည်။
Convalescent plasma ကုထုံးသည် အမျိုးသား ကျန်းမာရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ပဉ္စမမြောက် COVID-19 ရောဂါရှာဖွေရေးနှင့် ကုသရေးအစီအစဉ်တွင် ကုထုံးဆိုင်ရာနည်းလမ်းတစ်ခုအဖြစ် စာရင်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)