Connect with us

Europe

Brexit ပြီးနောက် နိုင်ငံတကာ ကျောင်းသား ၃၀ ရာခိုင်နှုန်းနီးပါး ဗြိတိန်တွင် ကျောင်းတက်ရန် စိတ်ဝင်စားမှု လျော့ကျ

ဗြိတိန်တွင် ပညာသင်ကြားနေသည့် နိုင်ငံတကာ ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာရန် ဆုံးဖြတ်ခဲ့မှု Brexit ပြီးနောက် နိုင်ငံတကာ ကျောင်းသား ၃၀ ရာခိုင်နှုန်း နီးပါးသည် ဗြိတိန်တွင် လာရောက် ပညာသင်ကြားရန် စိတ်ဝင်စားမှု လျော့ကျလာကြောင်း Independent သတင်းဋ္ဌာနမှ ဇူလိုင်လ ၂၉ ရက် ထုတ်ပြန်သည့် စစ်တမ်း တစ်ခုအရ သိရသည်။

လန်ဒန် အခြေစိုက် တက္ကသိုလ်နှင့် အလုပ်အကိုင် ဝန်ဆောင်မှုပေးသည့် Hobsons ကလူပေါင်း ၁,၀၁၄ ဦးအား တွေ့ဆုံ မေးမြန်းခဲ့ရာတွင် လူပေါင်း ၃၀ ရာခိုင်နှုန်းက ဗြိတိန်နိုင်ငံတွင် လာရောက် ပညာသင်ကြားရန် စိတ်ဝင်စားမှု လျော့နည်းလာကြောင်းနှင့် လူ ၆ ရာခိုင်နှုန်းကမူ Brexit ပြီးနောက် ဗြိတိန်တွင် ပညာသင်ကြားရန် လုံးဝ ရွေးချယ်မည် မဟုတ်ဟု ဖြေဆိုထားကြသည်။

တွေ့ဆုံ မေးမြန်းထားသူများ အနက် ၃၂ ရာခိုင်နှုန်းသည် နိုင်ငံရပ်ခြား ပညာသင်ကြားမှုအတွက် ကနေဒါကို ရွေးချယ်မည်ဟု ဖြေဆိုထားပြီး ဂျာမနီကို ၂၁ ရာခိုင်နှုန်းနှင့် အမေရိကန်နှင့် သြစတြေးလျကို ၂၀ ရာခိုင်နှုန်း စသဖြင့် အသီးသီး ပညာသင်ကြားရန် ရွေးချယ်သွားမည် ဖြစ်ကြောင်း ဖြေကြားထားသည်။

နိုင်ငံတကာ ကျောင်းသားများ၏ စိုးရိမ်မှုအား ဗြိတိန် တက္ကသိုလ်များ အနေဖြင့် မည်သို့ လျှော့ချပေးနိုင်မည်နည်း ဆိုသည့် မေးခွန်းကိုမူ အချို့က ကျောင်းဝင်ရောက်ခွင့် လွယ်ကူစေရေးနှင့် လှိုက်လှဲစွာ ကြိုဆိုသော လူမှု အသိုင်းအဝိုင်း ရှိရေးနှင့် ကုန်ကျစရိတ် ပိုမို လျှော့ချပေးရေးတို့ကို ဖြေကြားခဲ့သည်။

နိုင်ငံတကာ ကျောင်းသားရေးရာ ဆိုင်ရာ ဗြိတိသျှကောင်စီ၏ အဆိုအရ ဗြိတိန်နိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက် ပညာသင်ကြားနေသည့် ကျောင်းသား အရေအတွက်သည် ၂၀၁၄ – ၂၀၁၅ ခုနှစ်၌ ၄၃၆,၅၈၅ ဦးရေ ရှိခဲ့ပြီး ကျောင်းသား အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။
အင်္ဂလန် တက္ကသိုလ်များ၏ ဝင်ငွေ ၂၆ ရာခိုင်နှုန်းသည် အီးယူအဖွဲ့ဝင် မဟုတ်သောနိုင်ငံများက ကျောင်းသား များမှ ဖြစ်သည်ဟု ဆိုသည်။

တက္ကသိုလ်များ အနေဖြင့် နိုင်ငံခြား ကျောင်းသားများနှင့် သုတေသီများအား ကြိုဆိုကြောင်းနှင့် Brexit ကြောင့် မသေချာမှုများ ရှိနေသာ်လည်း နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကာလရှည် အာမခံချက် ပေးနိုင်ကြောင်းကို ရှင်းရှင်လင်းလင်း လုပ်ဆောင်ရန် လိုအပ်ကြောင်းကို ဗြိတိန် အဆင့်မြင့်ပညာ အဖွဲ့အစည်း များမှလည်း သတိပေးထားကြောင်း သိရသည်။

ဥရောပသမဂ္ဂမှ ဗြိတိန် ထွက်ခွာကြောင်း ဆန္ဒမဲပေးပြီးသည့်နေ့တွင် ဗြိတိန်နိုင်ငံသား မဟုတ်သည့် အီးယူ ကျောင်းသား ၁၀၀ ကျော်သည် ဝေးလ်ပြည်နယ်ရှိ Aberystwyth တက္ကသိုလ်မှ ၎င်းတို့၏ ကျောင်းဝင်ခွင့် လျှောက်လွှာများ ပြန်လည် ထုတ်ယူသွားခဲ့ကြောင်း ဘီဘီစီ သတင်းအရ သိရသည်။ (Xinhua)