Connect with us

Latin America

ကိုလံဘီယာ အစိုးရနှင့် FARC လက်နက်ကိုင်အဖွဲ့တို့ သမိုင်းဝင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး

ကိုလံဘီယာ သမ္မတ Juan Manuel Santos နှင့် FARC လက်နက်ကိုင်အဖွဲ့ ဦးစီးချုပ် Timoleon Jimenez တို့ လက်မှတ်ရေးထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ကိုလံဘီယာ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကိုလံဘီယာ သမ္မတ Juan Manuel Santos နှင့် FARC လက်နက်ကိုင်အဖွဲ့ ဦးစီးချုပ် Timoleon Jimenez တို့သည် စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်းက Cartagena မြို့တွင် ၅၂နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခစစ်ပွဲများအား အဆုံးသတ်စေမည့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံ၏ သမိုင်းမျက်နှာသစ်တစ်ခုအားဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးသဘောတူညီချက် အား ရေးထိုးခဲ့ကြသည်။
ကျူးဘားနိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ နှင့် အခြား လက်တင်အမေရိကန်နိုင်ငံများမှ သမ္မတများ အပါအဝင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ရှေ့မှောက်တွင် Santos နှင့် Jimenez တို့သည် ငြိမ်းချမ်းရေးသို့ကူးပြောင်းသွားမှုအား ကိုယ်စားပြုသည့် ကျည်ဆန်ဖြင့် ပြုလုပ်ထားသော ဘောလ်ပင်များဖြင့် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကူးပြောင်းမှု အား ကိုယ်စားပြုသည့် ကျည်ဆန်ဖြင့် ပြုလုပ်ထားသော ဘောပင်အားတွေ့ရစဉ် (ဆင်ဟွာ)

လေယာဉ်ပျံများသည်လည်း ကောင်းကင်ယံတွင် ကိုလံဘီယာအလံ၏ အရောင်အား သရုပ်ဖော်ပျံသန်းခဲ့ကြကြောင်း သိရသည်။
ကျူးဘားနိုင်ငံ Havana မြို့တွင် လေးနှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဘက်သည် ငြိမ်းချမ်းရေး သဘောတူညီချက်အား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ နိုင်ငံရေး ကဏ္ဍတွင် FARC ပါဝင်လာနိုင်ရေး၊ ပဋိပက္ခများအဆုံးသတ်ရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတားဆီးရေး နှင့် ဒုက္ခသည်များအား လျော်ကြေးများ ပေးအပ်ရေး စသည့် အချက်ငါးချက်ဖြင့် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
နောက်ဆုံးငြိမ်းချမ်းရေး ဆောင်ရွက်မှုအား ကိုလံဘီယာနိုင်ငံသားများက သဘောတူညီချက် ငါးချက်အား လက်ခံခြင်းရှိ၊မရှိ ဆန္ဒမဲပေးမည့် အောက်တိုဘာ ၂ရက်တွင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မကြာသေးမီက ရရှိခဲ့သည့် လူထုဆန္ဒများအရ သဘောတူညီမှုဘက်တွင် ပိုမိုအားသာနေကြောင်း သိရသည်။
ကိုလံဘီယာ အစိုးရနှင့် FARC လက်နက်ကိုင်အဖွဲ့တို့သည် မြေယာပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ၁၉၆၀ ပြည့်လွန်နှစ်များမှစတင်၍ ပဋိပက္ခများဖြစ်ပွားခဲ့ရာ လူပေါင်း ၂၂၀,၀၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.