Connect with us

Politics, Law & Military

ICC က မြန်မာနိုင်ငံကို အရေးယူ၍ မရဟု ဦးဇော်ဌေး ပြော

နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) အနေဖြင့်မြန်မာနိုင်ငံအပေါ် အရေးယူ၍ မရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံက ICC လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ ကုလသမဂ္ဂ ပဋိဉာဉ် နဲ့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ဗီယင်နာ ကွန်ဗီးရှင်း မှာ ပါတယ်။ သက်ဆိုင်ရာ စာချုပ်ဝင် နိုင်ငံက လက်မှတ် ထိုးတဲ့အပြင် Redifine လုပ်ထားမှ အဲ့ဒီ နိုင်ငံအပေါ် စာချုပ်ရဲ့ သဘောတူညီချက် သက်ရောက်တယ်။ မြန်မာနိင်ငံက ICC member မဟုတ်ဘူး။ လက်မှတ်ထိုးထားတာလည်းမရှိဘူး။ ဝင်မထားဘူးပေါ့။ ဝင်မထားတဲ့အတွက် ICC က မြန်မာနိုင်ငံကို အရေးယူလို့မရဘူး” ဟု ၎င်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် မီဒီယာသို့ ပြောခဲ့သည်။

“ ဒီမှာ ပြဿနာဖြစ်ပြီး ဘင်္ဂလားဒေ့ချ်ဘက်ကို လူတွေရောက်သွားတယ်။ ဘင်္ဂလားဒေ့ ချ်က ICC မင်ဘာဖြစ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံက ICC ကို တင်စေချင်တဲ့ Refer လုပ်စေချင်တဲ့ သဘောပေါ့။ အဲ့သဘောနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ ရ မရဆိုတဲ့ …. ဒါက ဥပဒေလုပ်ထုံးလုပ်နည်း အသစ်ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာ Refugee Crisis တွေ ဖြစ်တယ်။ ဆီးရီးယားက ဥရောပကို သွားတယ်။ အဲ့ဒီမှာလည်း ဥရောပနိုင်ငံတွေကလည်း ခွဲတမ်းချပြီးယူရတယ်။ အဲ့ဒီလို အဲ့ဒီနိုင်ငံကြောင့် ကမ္ဘာကို လူတွေရောက်သွားတဲ့ ကိစ္စကြောင့် ဆီးရီးယားကို ICC တင်လား ဆိုတော့ မတင်ဘူး။ အလားတူ အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများ အဲ့လိုတေ ွဖြစ်တယ်။ စစ်ပွဲတွေ ဖြစ်တဲ့အခါမှာ ဒုက္ခသည်တွေထွက်ပြီးတော့ တူရကီနယ်စပ်တွေ၊ ဘာတွေကို ကျော်ပြီးသွား တဲ့အခါမှာ ဥရောပ နိုင်ငံတွေက တော်တော်လေးကို ဒုက္ခရောက်နေတယ်။ ခွဲတမ်းချရတဲ့ အဆင့် ရောက်တယ်။ သို့သော် အဲ့ဒီ နိုင်ငံတွေမှာလည်း ICC မတင်ခဲ့ဘူး။ မြန်မာနိုင်ငံကျမှ ဘင်္ဂလားဒေ့ချ်က ICC ဖြစ်လို့ မြန်မာနိုင်ငံ ကို ICC တင်လို့ရမလားဆိုတော့ ICC ရာဇဝင်မှာ နိုင်ငံတကာရာဇဝင်မှာ တစ်ခါမှမရှိဘူး” ဟုလည်း ၎င်းက ၇ှင်းပြသည်။

ထိုသို့ မရှိခဲ့ဖူးသည့်အပြင် မြန်မာနိုင်ငံ ကလည်း လက်ခံမှာမဟုတ်ကြောင်း၊ ICC ရောက်အောင် လုပ်သည့် နည်းက နှစ်နည်းသာ ရှိကြောင်း၊ ပထမနည်းမှာ – ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး ICC ပို့မည်ဆိုလျှင် ရောက်သည့် နည်းဖြစ်ပြီး နောက်တစ်နည်းမှာ — သက်ဆိုင်ရာ နိုင်ငံအစိုးရက မလုပ်ချင်မှုဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို မလုပ်လိုခြင်း၊ စုံစမ်းစစ်ဆေး အရေး ယူမှုများကို မလုပ်နိင်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိခြင်း၊ မရှိနိုင်သော အခြေအနေဖြစ်ခဲ့လျှင် ICC ဝင်လို့ရကြောင်း၊ ထိုအချက်ကို UK သံအမတ်ကြီးက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေး ကောင်စီ ပါလာသူက ပြောထားပြီးသား ဖြစ်ကြောင်း၊ ၎င်းက “ သက်ဆိုင်ရာနိုင်ငံက မလုပ်ချင်တာ ရှိတယ်။ မလုပ်နိုင်တာရှိတယ်။ အဲ့ဒီ အနေအထားဆိုရင် ICC ရောက်မယ်” ဟု ပြောခဲ့ကြောင်း၊ ယခုဖြစ်ရပ်မှာ မြန်မာနိုင်ငံ အစိုးရက မလုပ်ချင်တာလည်းမဟုတ်။ မလုပ်နိုင်တာ လည်း မဟုတ်။ ချိုးဖောက်မှုများ ရှိသည် ဆိုပါက ခိုင်မာသော အထောက်အထားပေး ပေးလျှင် စစ်ဆေးပြီး ဥပဒေနှင့် အညီ အရေးယူမည် ဖြစ်ကြောင်း၊ တပ်မတော်ကလည်း မြန်မာနိုင်ငံသို့ ကုလ လုံခြုံရေးကောင်စီ လာစဉ်က ပြောလိုက်ပြီးဖြစ်ကြောင်း ဦးဇော်ဌေး ရှင်းပြခဲ့သည်။

“ တပ်ချုပ်ကိုယ်တိုင် ဒီထောက်အထားတွေရှိရင် သူတို့ ကြိုဆိုပါတယ်။ ဖိတ် ခေါ်ပါတယ်လို့ ပြော လိုက်တယ်။ ကျွန်တော်တို့ အစိုးရက မလုပ်နိုင်တာလည်း မဟုတ်ဘူး။ မလုပ်ချင်တာလည်း မဟုတ် ဘူး။ ဒါတွေကို အရေးယူပါမယ်လို့ ပြောထားပြီးသားဖြစ်တဲ့အတွက် ICC ပို့လို့မရဘူး။ သက်ဆိုင်ရာ နိုင်ငံက စုံစမ်းစစ်ဆေးနေ တဲ့ ကိစ္စတစ်ခုကို အဲ့တစ်ခုကို နိုင်ငံတကာတရားရုံးက သူ့နိုင်ငံ Process ပြီးမှ ကျန်တာတွေဆက်စဉ်းစားရမယ်။ ဒါက နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ သို့သော် မည်သို့ပင်ဖြစ် စေ၊ ကမ္ဘာမှာ မရှိဘူး။ နိုင်ငံတကာမှာ မရှိဘူး။ ICC တရားရုံးရဲ့ စီရင်ထုံးတွေမှာ မရှိတဲ့ အသစ်အဆန်း တွေ လုပ်လာလဲ ကျွန်တော်တို့က လက်မခံဘူး။ အဲ့ဒီက ICC ပေါ်လာမှ ပြောတာမဟုတ်ဘူး။ ပဋိ ပက္ခဖြစ်စဉ် တွေ ပြီးကတည်းက ပြောခဲ့တာ။ မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်စေ၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ကျနော်တို့ မငြင်းဘူး။ ရှိတယ်ဆိုရင် အထောက်အထားတွေပေး။ စစ်မယ်။ မှန်ရင် အရေးယူမယ်။ အဲ့ဒါက စကတည်းက ပြောလာတဲ့ပေါ်လစီ။ အခုမှ ပြောတာမဟုတ် ဘူး။ ICC ကိုရှောင်လွှဲချင်လို့ပြောတာမဟုတ်ဘူး။ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှု ကို ပြောချင်တာ” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)