Connect with us

MYANMAR

လုံလောက်သည့်အဆင့်ရှိသည့် Quarantine နေရာများ ရှာရန် နှင့် တည်ဆောက်ရန်မှာ အကြီးဆုံးစိန်ခေါ်မှုဟု မြင်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

 

ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

လုံလောက်သည့်အဆင့်ရှိသည့် Quarantine နေရာများ ရှာရန် နှင့် တည်ဆောက်ရန်မှာ အကြီးဆုံးစိန်ခေါ်မှုဟု မြင်ကြောင်း ၊ ယင်းကိစ္စကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office) 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂ပတ် ၊ ၃ပတ်အတွင်း တကယ်လိုအပ်မည်မှာ Quarantine နေရာများ ဖြစ်ကြောင်း ၊ Quarantine နေရာများတွင် သေသေချာချာပြင်ဆင်မှုများ ရှိရမည် ဖြစ်ကြောင်း၊ ယင်း ကိစ္စရပ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများဘက်လည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီးကလည်း တတ်နိုင်သည့်ဘက်က ပူးပေါင်း ဆောင်ရွက် သွားကြရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Quarantine ထားသည့်အခါ စနစ်တကျ ထားရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခုနှစ်သင်္ကြန်တွင် စိတ်ကိုထိန်းပြီး မိမိဘဝ ရပ်တည်ရေးအတွက် မည်မျှအောင်အောင်မြင်မြင်ဖြစ်အောင် နေနိုင်ခဲ့သလဲ ဆိုသည်ကို မိမိကိုကိုယ် စမ်းသပ်လေ့ကျင့်သည့် ကာလတစ်ခုအနေဖြင့် မြင်စေချင်ကြောင်း၊ ယခုနှစ်သင်္ကြန်ကို မှန်မှန်ကန်ကန် ကျော်လွှားနိုင်ပါက လာမည့်နှစ်သင်္ကြန်များတွင် တိုး၍ ပျော်ရွှင်နိုင်ကြကြောင်း၊ ယခုနှစ်တွင် အားလုံး၏အကျိုးအတွက် မိမိစိတ်ကို ထိန်းပြီး နေကြစေလိုကြောင်း၊ နောင်တချိန်ပြန်စဉ်းစားသည့်အခါ မိမိနိုင်ငံအတွက် အင်မတန်မှ ဂုဏ်ယူစရာ သင်္ကြန်တစ်ခုဖြစ်အောင် ကြိုးစားကြရန် မေတ္တာရပ်ခံကြောင်းနှင့် အားလုံး သင်္ကြန်ကာလတွင် ကျန်းမာချမ်းသာကြပါစေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ လက်တွေ့အခြေအနေများအား အပြန်အလှန် ဆွေးနွေးမှုများ အတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များ၊ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပညာပေးချက်များကို လိုက်နာကြရန် စသည့် ကိစ္စရပ် များကိုလည်းကောင်း၊  COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု၊ Quarantine ဝင်နေသူများ၏ စည်းကမ်းလိုက်နာဆောင်ရွက်မှု အခြေအနေ၊ ၎င်းတို့အတွက် နေထိုင်စားသောက်ရေး ကိစ္စရပ်များနှင့် Quarantine Center နေရာ အခက်အခဲရှိမှု အခြေအနေတို့ကိုလည်းကောင်း၊  COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ပြည်ပမှပြန်လာ သူများအပေါ် ဒေသခံများ၏အမြင်၊ Coronavirus စစ်ဆေးရာတွင် လိုက်ပါကူညီ ဆောင်ရွက် ပေးနေမှု၊ Coronavirus အသိပညာပေး နှစ်သိမ့်ဆွေးနွေးပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် တက္ကစီမောင်းသူများ ရိက္ခာရရှိရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကြရန်၊ Quarantine Center များတွင် သတ်မှတ်ချက်များနှင့်အညီ နေထိုင်ကြရန်၊ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)