Connect with us

Economy

တရုတ်နိုင်ငံရှိ လျှပ်စစ်ကားလုပ်ငန်းတွင် ယူရို နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု Volkswagen ကြေညာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွန်းမြို့ရှိ FAW-Volkswagen မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းခွင်အားတွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်သူ Volkswagen က တရုတ်နိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေးတွင် ယူရို နှစ်ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မေ ၂၉ ရက်က ကြေညာခဲ့သည်။

Volkswagen က တရုတ် JAC Motors နှင့် ဖက်စပ်လျှပ်စစ်ကားထုတ်လုပ်မှုတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုရှယ်ယာကို ၅၀ မှ ၇၅ ရာခိုင်နှုန်းတိုးမြှင့်ကာ ယူရို တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး JAC ၏ မိခင်ကုမ္ပဏီဖြစ်သော JAG တွင် ရှယ်ယာဝေစု ၅၀ ရာခိုင်နှုန်းလည်း ရရှိမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ခိုင်မာပြီး ယုံကြည်ရတဲ့ မိတ်ဖက်တွေနဲ့အတူတကွ Volkswagen က တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ကူးပြောင်းခြင်း မဟာဗျူဟာကို ခိုင်မာစေမှာဖြစ်တယ်” ဟု Volkswagen ၏ အမှုဆောင်အရာရှိချုပ် Herbert Diess က ပြောခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော JAC Volkswagen ဖက်စပ်ကုမ္ပဏီသည် စွမ်းအင်သစ်အသုံးပြုယာဉ်များ (NEV) တီထွင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ဆောင်သည့် ကုမ္ပဏီဖြစ်သည်။ Volkswagen ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်မတိုင်မီတွင် ဘက်ထရီသုံး လျှပ်စစ်ကား (BEV) မော်ဒယ် ငါးမျိုးကို တိုးချဲ့ထုတ်လုပ်ရန် စီစဉ်ထားပြီး လျှပ်စစ်ယာဉ် အပြည့်အဝထုတ်လုပ်သောစက်ရုံ တည်ဆောက်ခြင်းလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Volkswagen က တရုတ်နိုင်ငံရှိ ဘက်ထရီထုတ်လုပ်သူ Gotion High-Tech ကုမ္ပဏီလီမိတက်တွင် ယူရို တစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံကာ ရှှယ်ယာ ၂၆ ရာခိုင်နှုန်း ရရှိလာမည်ဖြစ်ပြီး Gotion High-Tech ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာပိုင်ရှင်ဖြစ်လာမည်ဟု Volkswagen က ကြေညာခဲ့သည်။ 

Volkswagen က တရုတ်ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမည့် ပထမဆုံး ကမ္ဘာ့ကားထုတ်လုပ်သူဖြစ်လာမည် ဖြစ်ကြောင်း၊ Gotion နှင့် မိတ်ဖက်ဆောင်ရွက်ခြင်းသည် Volkswagen အတွက် “ဘက်ထရီလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်မှုရရှိရန်” အခွင့်အရေးတစ်ခုဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

လျှပ်စစ်ကားထုတ်လုပ်မှုကဏ္ဍသည် လျင်မြန်စွာ တိုးတက်လာနေပြီး JAC Volkswagen အတွက် ကြီးမားသော အလားအလာကောင်းများ ပေးစွမ်းလျက်ရှိကြောင်း Diess က ပြောခဲ့သည်။  (Xinhua)