Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အီတလီနိုင်ငံ ရောမမြို့တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးနေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် အောက်တိုဘာ ၃၁ ရက်က ရောမမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့‌ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်ပိုင်းများ၌ အမေရိကန်ဘက်မှ တရုတ်နိုင်ငံအပေါ်ထားရှိသော မှားယွင်းသည့် မူဝါဒကျင့်သုံးမှုများကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေး ဘက်စုံ ရိုက်ခတ်မှုရှိခဲ့ကြောင်း ဆိုသည်။ အမေရိကန်က တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို လိုသလိုစွက်ဖက်နေရာ ယခုအကြိမ်လွှတ်တော်တွင် တရုတ်ဆန့်ကျင့်ရေးအဆိုပြုချက် ၃၀၀ ကျော် ထုတ်ပြန်ခဲ့ကြောင်း ၊ တရုတ်အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ် ၉၀၀ ကျော်ကို တစ်ဖက်သတ်ပိတ်ဆို့မှုစာရင်း၌ ထည့်သွင်းခြင်းသည် တရုတ်-အမေရိကန် ပုံမှန်ဆက်ဆံရေးကို ဆိုးဝါးစွာ ပျက်စီးစေကြောင်း၊ တစ်ကမ္ဘာလုံးတွင် အုပ်စုငယ်စုဖွဲ့၍ တရုတ်နိုင်ငံအား ဖိနှိပ်မှုများ ပြုလုပ်နေသေးသလို အလယ်အလတ်နိုင်ငံနှင့်နိုင်ငံငယ်များကို ဖိအားပေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုလုပ်ဆောင်မှုသည် နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားနှင့်လျော်ညီမှုမရှိ၊ နိုင်ငံတကာအသိုက်အဝန်း၏မျှော်မှန်းချက်နှင့်လျော်ညီမှုမရှိ၊ ခေတ်ကာလဖွံ့ဖြိုးတိုးတက်မှုဒီရေလှိုင်းနှင့်လျော်ညီမှုမရှိဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းလုပ်ဆောင်ချက်အပေါ် အတည်အလင်း ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသံတမန်ရေးဆက်ဆံမှုတည်ထောင်သည့် နှစ်ပေါင်း ၄၀ ကျော်ကာလတွင် ရရှိသည့် အဓိကအတွေ့အကြုံများတွင် တရုတ်-အမေရိကန် သင့်မြတ်ပါက နှစ်ဖက်အကျိုးဖြစ်ထွန်စေပြီး တိုက်ခိုက်မည်ဆိုပါက အားလုံးအထိနာစေမည်ဖြစ်ကြောင်း၊ အန်ကားရေ့ချ်မြို့၊ ထျန်းကျင်းမြို့နှင့်ဇူးရစ်မြို့၌ ထိတွေ့မှုများတွင် ထိုသဘောတရားကို နားလည်စေခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်လေးစား၍တန်းတူညီမျှ ဆက်ဆံရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာတွင်ကွဲပြားမှုများ မဖြစ်စေရန်၊ စစ်အေးတိုက်ပွဲသစ် မဖြစ်ပွားရအောင် ရှောင်ရှားရန် အကြိမ်ပေါင်းများစွာ တိုက်တွန်းနှိုးဆော်ခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင် ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ဆွေးနွေးရာ၌ အရေးကြီးသည့်သဘောတူညီချက်များရရှိခဲ့ရာ နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန် ဖြစ်ကြောင်း ၊ လက်ရှိအရေးတကြီးဆောင်ရွက်ရမည်မှာ နိုင်ငံခေါင်းဆောင်များ ရရှိသည့် သဘောတူညီချက်များကို လက်တွေ့နေရာတွင် ထိရောက်စွာဆောင်ရွက်ရမည် ဖြစ်ပြီး နောက်တစ်ဆင့်ဆက်ဆံရေးအတွက် နိုင်ငံရေးပြင်ဆင်မှုများပြုလုပ်ကာ လိုအပ်သည့်အခြေအနေများကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မိမိအနေဖြင့် သင်(ဘလင်ကန်)နှင့်အတူ ပုံမှန်ဆက်သွယ်မှုများတည်ဆောက်ကာ နှစ်ဖက်အကြားကွဲလွဲမှုများကို မည်သို့ စီမံထိန်းချုပ်ရန် ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းရာ၌ အချိန်မီပွင့်လင်းစွာ အမြင်သဘောထားချင်းဖလှယ်ရန် ဆောင်ရွက်ပြီး နားလည်မှုတိုးပွားအောင်၊ သံသယကင်းစင်အောင်၊ မှားယွင်းသည့် ဆုံးဖြတ်မှု မဖြစ်အောင် ၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ရှာဖွေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ထိလွယ်ရှလွယ်အရှိဆုံးအရေးကိစ္စဖြစ်ကြောင်း ၊ ကိုင်တွယ်မှုမှားယွင်းပါက နှစ်နိုင်ငံဆက်ဆံရေးသည် အလုံးစုံပျက်စီးသွားနိုင်ကြောင်း ဝမ်ရိက ဆိုသည်။
ယခုကာလများတွင် ထိုင်ဝမ်အခြေအနေထပ်မံတင်းမာမှုများရှိလာခဲ့ရာ ၎င်းမှာ တရုတ်နိုင်ငံက လက်ရှိအခြေအနေကို ပြောင်းလဲခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန်ဘက်မှ ပြောကြားခဲ့ကြောင်း၊ ထိုပြောကြားချက်မှာ လုံးဝမှန်ကန်မှုမရှိပါဘဲ နိုင်ငံတကာအသိုက်အဝန်းကို အထင်လွဲမှားအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်ဝမ်အရေးကိစ္စ စစ်မှန်သည့်အနေအထားသည် တရုတ်တစ်နိုင်ငံတည်းသာဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြည်မကြီးနှင့်ထိုင်ဝမ်သည် တစ်နိုင်ငံတည်းသာ ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ ထိုအခြေအနေကို ပြောင်းလဲမည့် မည်သည့် လုပ်ဆောင်မှုမျိုးမဆို ထိုင်ဝမ်ရေလက်ကြား၏တည်ငြိမ်မှုကို ဆိုးဝါးစွာ ထိခိုက်နိုင်သလို ထိုင်ဝမ်ရေလက်ကြားအကျပ်အတည်းကို ဖြစ်ပေါ်စေမည်ဖြစ်သည်ကို သမိုင်းအတွေ့အကြုံများ၌ အကြိမ်ပေါင်းများစွာ သက်သေပြုပြီးဖြစ်ကြောင်း ၊ လက်ရှိထိုင်ဝမ်ရေလက်ကြား၏မဖြေရှင်းနိုင်သည့်အရေးကြီးအချက်မှာ တရုတ်တစ်နိုင်ငံတည်မူဘောင်ကို ထိုင်ဝမ်အာဏာပိုင်များ ချိုးဖောက်ရန် အကြိမ်ကြိမ်ကြိုးစားခြင်းကြောင့်ဖြစ်ပြီး ထိုင်ဝမ်ခွဲထွက်ရေးအင်အားစုကို အမေရိကန်က လက်လွှတ်အားပေးထောက်ခံမှုများကြောင့်လည်းဖြစ်ကြောင်း ၊ ထိုင်ဝမ်ခွဲထွက်ရေး အလားအလာကို တားဆီးခြင်းသည် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း၊ မိမိတိုအနေဖြင့် ထိုင်ဝမ်ခွဲထွက်ရေး၏ ဆိုးဝါးသည့်အန္တရာယ်ကို သိရှိစေလိုကြောင်း ၊ အမေရိကန်အနေဖြင့် စစ်မှန်သည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒ အတုအယောင်ကို ဆောင်ကြဉ်းရမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအပေါ် ထားရှိသည့်ကတိကဝတ်များကို ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပြီး ကတိဖောက်ဖျက်ရမည်မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စစ်မှန်သည့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုရှိရမည်ဖြစ်ပြီး အပြောတစ်မျိုးအလုပ်တစ်မျိုးပြုရမည် မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ အမေရိကန်-တရုတ်အကြား အပြန်အလှန်လေးစားသည့်စိတ်ဓါတ်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်ကြရန် သဘောတူညီကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ထားရှိပြီး ကွဲလွဲမှုများကို တာဝန်ယူမှုရှိစွာ စီမံခန့်ခွဲ၍ ထိပ်တိုက်တွေ့ဆုံမှု၊ အကျပ်အတည်းဖြစ်ပွားမှုများကို ရှောင်ရှားသွားမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောကြားခဲ့သည်။

ဝမ်ရိက အမေရိကန်ဘက်မှ တရုတ်နိုင်ငံ၏တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိခိုက်နစ်နာအောင်ဆောင်ရွက်မှုများအပေါ် အထူးဂရုပြုကြောင်း၊ ပြောင်းလဲမှုများပြုလုပ်၍ နှစ်နိုင်ငံဆက်ဆံမှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အကြား ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်ပံ့ပိုးမှု၊ အီရန်နျူကလီးယားအရေးကိစ္စ၊ ကိုရီးယားကျွန်းဆွယ်အခြေအနေ၊ မြန်မာ၊ အာဖဂန်စသည့် အဓိကဏ္ဍဆွေးနွေးမှုများအပေါ် အမြင်သဘောထားချင်းဖလှယ်ခဲ့ကြရာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်‌ဖြေရှင်းရာတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားလိုကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။ (Xinhua)