Connect with us

Eastern Europe

အမေရိကန်သမ္မတ ၊ နိုင်ငံခြားရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး အပါအဝင်အဆင့်မြင့်အရာရှိများကို ရုရှားက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်(လယ်) ၊ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်(ယာ) နှင့် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း(ဝဲ) တို့အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန် ၊ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း တို့အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ရုရှား၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲတွင် အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဌ မက်ခ်မိုက်လီ(Mark Milley) ၊ အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်(Jake Sullivan) ၊ CIA ထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးဝီလီယံဘန်းစ်(William Burns) ၊ အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူးဂျန်ပီစကီး(Jen Psaki) ၊ ဘိုင်ဒန်၏ သား ဟန်တာ နှင့် ယခင်အမေရိကန်သမ္မတ(လောင်း) ဟီလာရီကလင်တန် နှင့်အခြားအမေရိကန်အဆင့်မြင့်အရာရှိကြီးများ ပါဝင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံက မတ် ၁၅ ရက်မှစတင်ကာ ရုရှားထိပ်တန်းအစိုးရအရာရှိကြီးများကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်ခြင်းအပါအဝင် အခြားသော ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်းမရှိသည့် များစွာသော ဟန့်တားပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် တုန့်ပြန်သည့်အနေဖြင့် အပြန်အလှန် တန်းတူညီမျှ လက်တုန့်ပြန်မှုအပေါ်အခြေခံ၍ ရုရှားနိုင်ငံဘက်က “ ရပ်တံ့စာရင်း” ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလွန်ဆိုးရွားသော ရုရှားကြောက်ရွံ့မုန်းတီးရေး ဖြစ်ပေါ်စေရန် လက်ရှိအမေရိကန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်အပေါ် လက်တုန့်ပြန်မှု တစ်ခုအနေဖြင့် ထိုကဲ့သို့ ကန့်သတ်ပိတ်ဆို့အရေးယူမှုများကို ရုရှားဘက်က ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ရှေ့ဆက်၍လည်း အဆိုပါ အမည်ပျက်စာရင်းကို ထပ်မံ တိုးချဲ့ဖော်ပြသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

“ တစ်ချိန်တည်းမှာပဲ အကယ်၍ သူတို့က ကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီမယ်ဆိုရင် တရားဝင်ဆက်ဆံရေးတွေကို ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ ငြင်းပယ်စရာအကြောင်းမရှိပါဘူး ။ ပြီးတော့ လိုအပ်လို့ရှိရင် အဆင့်မြင့်-ကိုယ်စားလှယ်အဆင့် ဆက်ဆံရေးလမ်းကြောင်းတွေကို လုပ်ဆောင်တဲ့နေရာမှာ အမည်ပျက်စာရင်းဝင်လူပုဂ္ဂိုလ်တွေရဲ့ အရေးပါမှုကြောင့် ဖြစ်ပေါ်လာမယ့်ပြဿနာရပ်တွေကို ကျွန်တော်တို့ ဖြေရှင်းသွားမှာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)