၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိကျောက်ခေါင်း ကျောင်းဂူများနှင့် လုံကာကုန်းကျောက်ခေတ်ဒေသတို့အား သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းဆို

ကျောက်ခေါင်းကျောင်းဂူမှ တွေ့ရှိရသည့် ဝက်စွယ်ဖြင့် ပြုလုပ်ထားသည့် လည်ဆွဲအားတွေ့ရစဉ် (ဓာတ်ပုံ--သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန) Culture & Entertainment

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိကျောက်ခေါင်း ကျောင်းဂူများနှင့် လုံကာကုန်းကျောက်ခေတ်ဒေသတို့ကို ရှေးဟောင်းသုတေသနနည်းပညာ သင်တန်းကျောင်းမှ ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ် တူးဖော်သုတေသနပြုခြင်း ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လည်း ရှေးဟောင်းသုတေသနဆိုင်ရာစမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။

“တူးဖော်တဲ့အခါ တစ်ခုထူးခြားတာတွေ့တာကတော့ အရိုးအပ်ပေ့ါ။အဲဒါကိုတွေ့ခဲ့တယ်။ကျောက်ခေတ်မှာ အပ်သဘောမျိုးအသုံးပြုနေပြီ။ အဲဒါကထူးခြားတာပေါ့။ ကျောက်ခေတ်ကကြတော့ အလွန်ရှေးကျတာပေါ့။ ကျောက်ခေတ်မှာလူတွေက မီးကိုသုံးစွဲတတ်နေပြီ။ ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်ပြီးမှ ပျူခေတ်ကိုရောက်တာပေ့ါ’’ ဟု၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင် ကျောက်ခဲအမျိုးမျိုးကိုအသုံးပြုကြကြောင်းဆိုသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံ အတွင်းရှိ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်း ကွင်းဆင်းသုတေသနလုပ်ငန်းမှသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်အထောက်အထားများ၊ သမိုင်းတင်ခေတ် အထောက်အထားများကို ကွင်းဆင်းရှာဖွေခြင်း၊ တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းစသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ခေါင်းကျောင်းဂူများမှာ ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေအတွင်းရှိ ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာအနီးတွင် တည်ရှိကြောင်း၊ ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်အစွယ်တွင် တည်ရှိပြီး ပြဒါးလင်းဂူများ၏ အရှေ့တောင် ဘက် တွင် တည်ရှိသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျောက်ခေတ် ယဉ်ကျေးမှုအထောက်အထားများ၊ ပြဒါးလင်းဂူကျောက်ခေတ်ယဉ်ကျေးမှု နှင့် ရှမ်းကုန်းပြင်မြင့်ရှိ ကျောက်ဂူနေ ကျောက်ခေတ် ယဉ်ကျေးမှုတို့ ဆက်စပ်မှုတို့ကို လေ့လာရန်အတွက် အရေးပါသော ဒေသတစ်ခု ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ကျောက်ခေါင်းကျောင်းဂူများကို တူးဖော်သုတေသနပြုလုပ်ရာတွင် အောက်ပိုင်းမြေလွှာများ အတွင်းမှ ပြဒါးလင်းဂူနေ ကျောက်ခေတ် ယဉ်ကျေးမှုနှင့် ချိတ်ဆက်နှိုင်းယှဉ် လေ့လာနိုင်သည့် အကြမ်းပုံဖော် ထားသော ကျောက်လက်နက်များ၊ အဖျားပိုင်းသာ အချောသွေးထားသော ကျောက်လက်နက်များ၊ ကျောက်ကွင်းများကို အိုးကွဲများနှင့်အတူတွေ့ရ သဖြင့် ကျောက်ခေါင်း ကျောင်းဂူများတွင် ကျောက်ခေတ်လူသားများသည် ကျောက်ခေတ်သစ် အစောပိုင်းကာလမှ စတင်နေထိုင်ကြသည်ဟုယူဆနိုင်ကြောင်း၊ တူးဖော်မှုမြေလွှာအပေါ်ပိုင်းတွင် အချောသွေး အရောင်တင်ထားသော ဆောက်သွား၊ ကျောက်ပုတီးစေ့နှင့် သံဓားငယ် တစ်ချောင်းကို တွေ့ရသဖြင့် ကျောက်ခေါင်းကျောင်းဂူများတွင် ကြေးခေတ်၊ သံခေတ်တိုင်အောင် သမိုင်း မတင်မီခေတ် လူသားများ နေထိုင်ခဲ့ကြောင်းနှင့် ကျောက်လက်နက်များ၊ အရိုးဖြင့်ပြုလုပ် ထားသော ယဉ်ကျေးမှုပစ္စည်းများ၊ ကျောက်ပုတီးစေ့နှင့် ဝက်စွယ်ဖြင့်ပြုလုပ် ထားသော လည်ဆွဲ တစ်ခုလည်း တွေ့ရသဖြင့် ကျောက်ခေါင်းကျောင်းဂူ များနေ သမိုင်းမတင်မီခေတ် လူသားများ၏ ယဉ်ကျေးမှု အဆင့်အတန်းအား လေ့လာဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

လုံကာကုန်းမှာ ကလောမြို့နယ်၊ ဟဲဟိုးမြို့တောင်ဘက်၊ ညောင်ပင် ခါးရှည်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ကျောက်ဂူနေ ကျောက်ခေတ်ယဉ်ကျေးမှုမှသည် မြေပြန့် လွင်ပြင်သို့ ရွှေ့ပြောင်း နေထိုင်သော ယဉ်ကျေးမှုနေရာဒေသတစ်ခုဖြစ်သည့် ကျောက်ခေတ်သစ် နေရာဒေသအဖြစ် လေ့လာရန်အတွက် အလွန်အရေးပါသောယဉ်ကျေးမှု နေရာတစ်ခုအဖြစ် တွေ့ရှိရကြောင်း၊လုံကာကုန်းတွင် မြေပြင်ရှာဖွေမှုနှင့် တူးဖော်မှုမှ အချောသွေးထားသော ကျောက်ချော လက်နက်များကို တွေ့ရှိရကြောင်း သိရသည်။

ကျောက်ချောလက်နက် များနှင့် မြေထည်ပစ္စည်းများကို တွေ့ရှိမှုအရ လုံကာကုန်းတွင် ကျောက်ခေတ်သစ်ကာလနှောင်းပိုင်း သို့မဟုတ် ကြေးခေတ် ကာလတွင် နေထိုင်သောကျေးရွာ တစ်ခုဖြစ်သည်ဟု သုံးသပ်ရကြောင်း၊ (၂)မီတာ ပတ်လည် တူးဖော်မှု ကျင်းကွက်အတွင်းမှ တိုင်လုံးစုစုပေါင်း(၄)လုံး တွေ့ရှိခဲ့ပြီး ကျောက်လုံး တစ်ခုပေါ်တွင်လည်း တဲအိမ်ပုံ ရေးထွင်းထား သည်ကို တွေ့ရှိ ချက်အရ လွင်ပြင်တွင် တဲအိမ်များ တည်ဆောက်၍ ကျေးရွာတည်ထောင် နေထိုင်ကြကြောင်းကို ညွှန်ပြနေကြောင်း၊ ထို့အပြင် ကျောက်ချောလက်နက်များ သာမက သမင်ချိုကို အဖျားပိုင်း သွေးထားပြီး စူးချွန်လက်နက်(Point Tool) အဖြစ်လည်းကောင်း၊ အရိုးကို လိုအပ်သော အရွယ် ခွဲစိတ်ထားသည့် အရိုးအပ်(၂)ချောင်းကိုလည်းကောင်း တူးဖော်မှုမှ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မြေထည်ပစ္စည်းများအနေဖြင့် အိုးတစ်ခုလုံး အပြည့်အစုံကို မတွေ့ရှိရပဲ အနီရောင် ဆေးရေးခြယ်ထားသော အိုးခြမ်းကွဲများကို တွေ့ရှိ ရပြီး၊ မြေလက်ကောက်အကျိုး အပိုင်းအစ နှင့် မြေဒိုးပြားများကိုလည်း တူးဖော်တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် လုံကာကုန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျောက်ခေတ်သစ် ကာလ နှောင်းပိုင်းနှင့် ကြေးခေတ်ကာလတို့၏ သမိုင်းမတင်မီခေတ်ကာလ ယဉ်ကျေးမှုအဆင့်အတန်းကို တစ်စိတ် တစ်ဒေသ ဖော်ညွှန်းပြနေသည်ဟု ဆိုနိုင်ကြောင်း သိရသည်။

“ပြည်သူတွေကို ပြောချင်တာကတော့သတင်းပေးဖို့ပေ့ါ။ ဘယ်နေရာမှာ ကျောက်လက်နက်ပစ္စည်းတွေ့တယ် ဆိုပြီးသတင်းပေးရင် ကျွန်တော်တို့ဌာနက သွားရောက်တူးဖော်လေ့လာမှုတွေဆောင်ရွက်မှာပါ’’ ဟု ဦးကိုကိုနိုင်က ဆက်ပြောသည်။

ကျောက်ခေါင်းကျောင်းဂူများနှင့် လုံကာကုန်းတို့မှ တူးဖော်တွေ့ရှိသော ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို အမျိုးသားပြတိုက်(နေပြည်တော်)နှင့် ယဉ်ကျေးမှု ပြတိုက်(တောင်ကြီး)တို့တွင် ကျောက်ခေတ်ကာလ လူသားတို့ နေထိုင် ခဲ့သည့် ပတ်ဝန်းကျင်အနေအထားကို သရုပ်ဖော်သည့် ပြကွက်တစ်ကွက် အနေဖြင့် ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)