မိုးလယ်ကာလတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌ ရွာသွန်းမြဲထက်မိုးပိုနိုင်၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ အထူးကရုပြုသင့်ကြောင်းဆို 

၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့တွင် မိုးရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်တွင် မိုးဦးညံ့ခဲ့သော်လည်း၊ ဇူလိုင်၁ ရက်မှ စ၍ မိုးလယ်ကာလသို့ရောက်ရှိပြီဖြစ်ကာ မိုးလယ်ကာလ တွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌  မိုးလယ်ကာလ ရွာသွန်းမြဲထက် မိုးပိုနိုင်သောကြောင့် ရေကြီးခြင်း နှင့် မြေပြိုခြင်း အန္တရာယ်များ ကို အထူးကရုပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

၎င်းက “ဇူလိုင် ၁ ရက် ကနေ သြဂုတ် လ ကုန် အထိ မိုးလယ်ကာလသတ်မှတ်တယ်။ မိုးလယ် ကာလအခြေအနေ ကတော့  မြန်မာနိုင်ငံတောင်ပိုင်းမှာ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့ မှာ ရွာသွန်းမြဲအောက်လျှော့နိုင်တယ်။ ရွာသွန်းမြဲထက် ပိုနိုင်တာ က မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တယ်။  မြစ်ဝကျွန်းပေါ်ဒေသတွေ ကတော့ ရွာသွန်းမြဲလောက်ပဲ ရနိုင်တယ်။ မိုးလယ်ကာလ မှာရေကြီး နဲ့ မြေပြိုခြင်း တွေ က အဓိက ဖြစ်လို့ ဒီကာမှာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေ ကို အထူးဂရုပြုသင့်ပါတယ်’’ ဟုပြောသည်။

“မြန်မာနိုင်ငံ အထက်ပိုင်းဆိုတော့ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မိုးလယ်ကာလ တစ်ခုလုံး မိုးများနိုင်ပါတယ်” ဟူ၍ ၎င်း ကဆိုသည်။ ယခုနှစ် ဇူလိုင်လ အတွင်း လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်ကြောင်း၊  ဇူလိုင်လတွင်မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀ပြည့်နှစ် မိုးဦးကာလတွင် မိုးနောက်ကျခဲ့ပြီး မိုးရေရရှိမှုလည်းနည်းပါးခဲ့ကြောင်း၊ သို့သော်ကချင်ပြည်နယ် တွင် ရွာသွန်းမြဲခန့်ရှိခဲ့ကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရွာသွန်းမြဲထက် ပိုခဲ့ကြောင်း၊  ကျန်ဒေသများတွင်မိုးဦးကာလ ရွာသွန်းမြဲအောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။  (Xinhua)