စက်တင်ဘာ ၁၉ ရက် မှ ၂၂ ရက် အထိ မိုးကြီးမည့် သတိပေးချက်ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ် (ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

စက်တင်ဘာ ၁၉ ရက် မှ ၂၂ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့် သတိပေးချက်တစ်ခုကို ယနေ့  စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက “အရှေ့ဘက်မှလာတဲ့ အပူပိုင်းမုန်တိုင်း ရဲ့ အရှိန်ကြောင့် မိုးကြီးခြင်းအပါအဝင် အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်တဲ့ အတွက် လေပြင်းလည်းတိုက်ခတ်နိုင်တယ်။ လေပြင်းတိုက်တဲ့ အချိန်မှာ တစ်နာရီ မိုင် ၃၀ လောက်အထိဖြစ်နိုင်တယ်” ဟုဆိုသည်။ 

စက်တင်ဘာ ၁၉ ရက်မှ စက်တင် ဘာ ၂၂ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်း များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇-မီလီမီတာ)နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၄ နာရီ အတွင်း မိုးရေချိန် ၁ ဒသမ ၅ လက်မ (၃၈-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်း သိရသည်။“မိုးထစ်ချုန်းခြင်းဖြစ်စဉ်တွေပါဖြစ်နိုင်လို့ မိုးကြိုးပစ်ခြင်းအန္တရာယ် တွေကိုလည်း ဂရုပြုဖို့လိုအပ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။  (Xinhua)