ကလေးလုပ်သား ပပျောက်ရေး ကဏ္ဍအလိုက်ဆောင်ရွက်ရန် ဒု-သမ္မတ တိုက်တွန်း

ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ အဖွင့် အမှာစကား ပြောကြားစဉ်။ Politics, Law & Military

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကလေး အလုပ်သမား ပပျောက်ရေးအတွက် စတင် လုပ်ဆောင်နိုင်သည့် လုပ်ငန်း များကို ဦးစားပေးအလိုက် သတ်မှတ်ကာ အဓိက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်ထည်ဖော် ဆောင်ရွက်သွားကြရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေကယနေ့ ညနေ တွင် တိုက်တွန်း ပြောကြားခဲ့သည်။

 

“ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို ပြည်တွင်း ပဋိပက္ခ အချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနဲ့ ရွှေ့ပြောင်းနေထိုင်မှုများ ရာသီဥတုပြောင်းလဲမှု အကျိုးဆက် ကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးအန္တရာယ်များ စားနပ်ရိက္ခာ မဖူလုံမှုများနဲ့ လူမှုစီးပွားဘဝ အကျပ်အတည်းဟာ ကလေးများကို ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမား များအဖြစ် သို့ တွန်းပို့တဲ့ အခြေခံအကြောင်းအရာများလည်း ဖြစ်ပါတယ်။ အဲ့ဒီ အကြောင်းအရာများ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခက်ခဲကြာရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် များ ဖြစ်တဲ့အတွက် အထူးအလေးထားဖြေရှင်းဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟုလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

 

 

ကလေးအလုပ်သမားအများစုက ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ခွင့်မရရှိမှုနှင့် မိသားစုကို ထောက်ပံ့ ပေးလိုမှုတို့ အတွက် စားသောက်ဆိုင်များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများနှင့် အိမ်အကူလုပ်ငန်းများ မှာ လုပ်ကိုင်နေကြရပြီး ထိုလုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ် စောင့်ရှောက် ပေးဖို့အတွက် အမျိုးသား အဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း စီမံချက်ကို ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေးအလုပ်သမား လျော့နည်း ပပျောက်ဖို့ ဆောင်ရွက်ရာမှာ အခက်အခဲများ၊ နိုင်ငံတကာမှ ထောက်ပြမှုများရှိသော်လည်း ကလေး အလုပ်သမား လျော့နည်း ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ရေရှည် ဆောင်ရွက် ကြရမှာဖြစ် ကြောင်း၊ ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေး အတွက် အကောင်အထည်ဖော်ရာမှာ ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့ ပညာသင်ကြား နိုင်ရေး၊ ကလေးသူငယ်များအား ကူညီစောင့်ရှောက်ပေးမည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပိုမိုများပြားရေး၊ ဆင်းရဲ နွမ်းပါးမှု၊ လျော့ချရေးနှင့် ပြည်သူများအား ဗဟုသုတမျှဝေကာ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အတွက် ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေး စိတ်ဓါတ်များကိန်းအောင်းလာအောင် အလေးထားဆောင်ရွက်ရေး တို့ကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း ထိုသို့ အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ် ၁၅ ခုနှင့် ကနဦး ဦးစားပေးစီမံကိန်း နယ်မြေများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကို သတ်မှတ်ပြီး အဆိုပါ ဒေသရှိ ကလေးများအတွက် ပညာရေး အလုပ်အကိုင် အခွင့်အလမ်း၊ ၎င်းတို့ရဲ့ မိသားစု အခြေနေများ ၊ ဆင်းရဲနွမ်းပါးမှု အခြေနေများကို ထည့်သွင်း စဉ်းစားကာ အကောင်ထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

 

အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ အပြင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များလည်း တက်ရောက်ခဲ့ကြသည်။(Xinhua)