နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ အိမ်၌ လက်ပစ်ဗုံးတစ်လုံး ထပ်မံ တွေ့ရှိ

နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ နေအိမ်သို့ ကျရောက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဉ်(အင်တာနက်) Politics, Law & Military

နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော် ကောင်စီ နယ်မြေရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေး၏ နေအိမ်၌ စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက် ၊ မွန်းလွဲပိုင်းတွင် အလားတူ လက်ပစ်ဗုံး တစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာသို့ အတည်ပြု ဖြေကြားခဲ့သည်။

“နေ့လယ် ၂ နာရီ ၂၀ မှာ ဗုံးတစ်လုံးထပ်တွေ့တယ်၊ မနေ့က ရဲတပ်ဖွဲ့ဝင်တွေရော အိမ်သားတွေရော အိမ်မှာ တပ်ထားတဲ့ CCTV လေးလုံးကို ပြန်စစ်တယ်၊ ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့က အိမ်ခေါင်မိုးပေါ်မှာ တစ်ခုခုကြားတယ် ဆိုတာက ၉ နာရီ  ၄၈ မိနစ်လောက်ရှိမယ်၊ အဲ့အချိန်အတိုင်းအတာ အတွင်း ထောင့်လေးထောင့်မှာရှိတဲ့ CCTV တွေကို ပြန်စစ်ကြည့်ခဲ့တယ်၊ အဲ့နေရာမှာ ထောင့်တစ်ထောင့်က သစ်ပင် ခြေရင်းမှာ ထောင်ထားတဲ့ တံမြက်စည်းတစ်ချောင်းတွေ့တယ်၊ အဲဒီတံမြက်စည်းက တစ်ခုခုနဲ့ ထိပြီး လဲကျသွားတာကို CCTVမှာ တွေ့ခဲ့ရတယ်၊ အဲ့နေရာ တစ်ဝိုက်ကို အသေးစိတ် ရှာတဲ့နေရာမှာ ဟိုတစ်နေ့က တွေ့ရတဲ့ ဗုံးပဲ၊ လက်ပစ်ဗုံးအမျိုးအစားပဲ၊ နောက်တစ်လုံး ထပ်တွေ့တယ်” ဟု ၎င်းက အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။


ထို့ပြင် ပစ်သည့် အချိန်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်မည်ဟု ယူဆကြောင်း၊ ၁၉ ရက် ညပိုင်းတွင် ကားဘေး၌ တွေ့ရှိမှုသည်လည်း ယင်းအချိန်ခန့်ပင်ဖြစ်ကြောင်း၊ အကြမ်းဖျင်း တွေ့ရှိချက်အရ ထိုလက်ပစ်ဗုံးသည် အစစ်အမှန် လက်ပစ်ဗုံးဖြစ်ပြီး အဆိုပါ ဗုံးမှာ စနက်တံ ပါကြောင်း၊ ယမ်းမှာ သေချာပေါက်ပါသော်လည်း လက်ပစ်ဗုံးကို ပစ်သည့်အခါ user တံ မပြုတ်ထွက်သွားသည်ကို တွေ့ရကြောင်း၊ တစ်ခုခု ချို့ယွင်းချက်ကြောင့် မပေါက်ကွဲတာဖြစ်နိုင်ကြောင်း၊ သို့မဟုတ် ခြိမ်းခြောက် သည့် သဘောမျိုး ပေါက်ခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း ၎င်းက ဖြည့်စွက် ဖြေကြားခဲ့သည်။ (Xinhua)