ရန်ကုန်ငွေပေးချေခြင်းကတ် ဝန်ဆောင်မှု (YPS) နှင့် အရောင်းစင်တာများ ယာယီရပ်နားထားမည်

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှု နမှုနာ ပုံစံအား မြင်တွေ့ရစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

YBS မော်တော်ယာဉ်များ တွင် ငွေပေးချေသည့် စနစ်အဖြစ်အသုံးပြုလျက်ရှိသော Yangon Payment Service (YPS) ဝန်ဆောင်မှုစင်တာများနှင့် အရောင်းစင်တာများကို အောက်တိုဘာ ၇ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဦးလှအောင်က  “YBS မော်တော်ယာဉ်မှာ YPS ကတ်တွေ က ပုံမှန် သုံးလို့ ရပါတယ်။ YPS Service Center တွေက COVID-19 ကာကွယ်ရေး အတွက် ခဏပိတ်တာဖြစ်ပေမယ့်   ပြည်သူ့ဝန်ဆောင်မှု နဲ့ YPS သုံးစွဲမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ Hot Line တွေ ဖွင့်ထားပေးပါတယ်။’’ ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲလျက်ရှိသော YBPC ကုမ္ပဏီ၊ ဗန္ဓုလကုမ္ပဏီနှင့် YUPT ကုမ္ပဏီလက်အောက်ရှိ ယာဉ်လိုင်းများတွင် YPS ကတ်စနစ်ကို အသုံးပြုပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ YPS ကတ်အရေအတွက် ငါးသောင်းကျော်မှာ ပြည်သူများလက်ဝယ်သို့ ရောက်ရှိနေပြီး နေ့စဉ် ကတ်အသုံးပြုစီးနင်းမှု အနေဖြင့် ၄၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်များ၏ ဝန်ဆောင်မှုနှင့် အရောင်းစင်တာများကို အောက်တိုဘာ ၇ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်သော်လည်း ကတ်ဝယ်ယူခြင်းနှင့် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုများကို သတ်မှတ်ထားသော g and g အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကတ်နှင့်ပတ်သက်၍ အချက်အလက်များ မေးမြန်းလိုပါက YPS တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် မေးမြန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှု YPS ကတ်များကို ဇူလိုင် ၂၁ ရက်မှစတင်ကာ တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းပေါင်း ၁၂ လိုင်းရှိ ယာဉ်အစီးရေ ၅၀၀ ကျော်တွင်စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ကတ်ဝန်ဆောင်မှုနှင့် အရောင်းစင်တာများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို YPS တရားဝင်လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်တွင်  YBS ပြေးဆွဲလမ်းကြောင်း (၁၂၄) လိုင်းမှ မော်တော်ယာဉ်စီးရေ (၁,၈၅၀) စီးဖြင့် ခရီးသည် (၂၇၉,၉၁၄) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)