YBS ခရီးသည်တင်ယာဉ်များထဲမှ ၁၉၉၂-၂၀၀၃ ခုနှစ်ထုတ် ယာဉ် ၁၇၂ စီးကို တတိယသုတ်ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခဲ့

ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းအချို့အားတွေ့ရစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

YBS ခရီးသည်တင်ယာဉ်များထဲမှ ၁၉၉၂-၂၀၀၃ ခုနှစ်ထုတ် ခရီးသည်တင်ယာဉ် ၁၇၂ စီးကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် တတိယသုတ်ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ဆင်ဟွာသို့ ဇန်နဝါရီ ၂၆ ရက်တွင်ပြောကြားသည်။

“ဒါကကျွန်တော်တို့ YBS စတင်ပြေးဆွဲတဲ့အချိန်ကဆိုရင် တတိယအကြိမ်မြောက် အပ်နှံမှုဖြစ်ပါတယ်။ YBS စနစ်စတင်တဲ့အခါမှာ ယာဉ်အမျိုးအစားတွေကို ပြည်သူလူထုသွားလာမှုနဲ့ ညီညွတ်တဲ့ ယာဉ်တွေဖြစ်အောင် စီမံတဲ့ အခါမှာ ယာဉ်အိုယာဉ်ဟောင်း အပ်တဲ့စနစ်လည်းပါလာပါတယ်။ခရီးသည်သယ်ယူပို့ဆောင်ရေးကို မြှင့်တင်တဲ့အခါမှာ ညီညွတ်တဲ့ ယာဉ်တွေဖြစ် ဖို့စီမံတဲ့အခါ နှစ်ကြာပြီး လုံခြုံမှုအားနည်းတဲ့ယာဉ်တွေကို ပိုမိုကောင်းမွန်တဲ့ယာဉ်တွေနဲ့ ဖြည့်တင်းပြီးတော့ ပြေးဆွဲပေးပါတယ်။ အဲလိုပြေးဆွဲတဲ့ အခါမှာ ယာဉ်အိုယာဉ်ဟောင်းဆိုတဲ့ ကဏ္ဍတစ်ခုပေါ်လာတယ်။ ယာဉ်တွေကိုလဲလှယ်ရေးနဲ့ ပတ်သက်ပြီး ထုတ်လုပ်ပြီးသက်တမ်းနှစ် ၂၀ အတွင်းမှာရှိတဲ့ယာဉ်တွေကို အပ်နှံပြီး အစားထိုးတင်သွင်းခွင့်ပေးပါတယ်။ ဒါကြောင့် YBS ထဲမှာ ပြေးနေတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေကို အပ်နှံတဲ့အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

၁၉၉၅ခုနှစ် မတိုင်မီထုတ်သည့် YBSခရီးသည်တင်ဘတ်စ်ကားပေါင်း ၃,၁၈၄ စီးအားပထမအကြိမ် ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံခဲ့ကြောင်း၊ ၁၉၉၆-၁၉၉၈ ခုနှစ်အတွင်း ထုတ်လုပ်သော YBS ခရီးသည်တင် ဘတ်စ်ကားပေါင်း ၃၇၇စီး အား ဒုတိယအကြိမ်အဖြစ် အပ်နှံပြီးဖြစ်ကြောင်း ယခုအပ်နှံမှုမှာ တတိယအကြိမ် ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းဖြစ်ကြောင်းသိရသည်။

ထပ်မံ၍ အပ်နှံရန်တင်ပြထားသည့် YBSခရီးသည်တင်ဘတ်စ်ကားပေါင်း အစီး ၂၀၀ ကျော်ရှိကြောင်း၊ ယင်း YBS မော်ဒယ်နိမ့်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံပါက CNG နှင့် GPS များပါအပ်နှံရကြောင်း၎င်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ YBS ခရီးသည်တင်ဘတ်စ်ကားများကို ၂၀၁၆-၂၀၁၇ ခုနှစ်ထုတ်ကားများဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)