Connect with us

Local

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၃ ဒသမ ၅၃) ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကျင်းပစဉ် (နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

၂ဝ၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလထိ (၆)လ Mini Budget ကာလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ဘီလီယံ ကျော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းကာလ အတွက် ကုန်သွယ်မှု ပမာဏလျာထားချက်သည် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံဖြစ်သည့်အတွက် လျာထားချက်ထက် အမေရိကန် ဒေါ်လာ၄ ဒသမ ၆ ဘီလီယံ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ပုဂ္ဂလိက ကဏ္ဍကုန်သွယ်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ ဖြစ်သည့်အတွက် ၈၅ရာခိုင်နှုန်းပါဝင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးက များနေသည့်အတွက် လိုငွေဖြစ်နေကြောင်း၊ လိုငွေ မဖြစ် စေရေးအတွက် ပို့ကုန်ကို တိုးမြှင့်ဆောင်ရွက်ပြီး သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး ကြိုးစားကြစေလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည်။

ထို့အပြင် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာ နိုင်သဖြင့် တရားမဝင်ကုန်စည်များကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတို့တွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် နိုင်ရေး အဖွဲ့ များဖွဲ့စည်းပြီး ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၁)ကြိမ် မြောက်ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အမှာ စကားပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.