Connect with us

Politics, Law & Military

ဟောင်ကောင်အဓိကရုဏ်းများကြားက ပူလစ်ဇာဆုရဓာတ်ပုံတစ်ပုံ၏ ခါးသီးလွန်းလှသော အမှန်တရား

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ဆူပူအကြမ်းဖက်သူများ၏ တိုက်ခိုက်မှုခံရပြီးနောက် မြေပေါ်တွင် လဲကျနေသည့် ရန်ရွှယ်ကျစ်အား ဗီဒီယို screenshot မှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မေ ၂၆ ရက် (ဆင်ဟွာ)

သွေးများလွှမ်းနေသည့် မျက်နှာဖြင့် ရန်ရွှယ်ကျစ် တစ်ယောက် ဟောင်ကောင်၏ Mong Kok ရပ်ကွက်ရှိ လမ်းမတစ်ခုပေါ်တွင် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေခဲ့သည်။ ၎င်း၏နောက်တွင်မူ သွေးများပေကျံနေသည့် တူတစ်ချောင်းကိုင်ကာ မျက်နှာဖုံးဝတ်ဆင်ထားသည့် အသက် ၂၇ ခုနှစ်အရွယ် ဆူပူအုံကြွသူ လူငယ်တစ်ဦး ရှိနေခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က ရန်သည် ရိုက်တာသတင်းဌာနမှ ဓာတ်ပုံဆရာ သောမတ်စ်ပီတာ ရိုက်ကူးသည့် ဓာတ်ပုံတစ်ပုံတွင် သွေးချင်းချင်းနီနေသော သားကောင်အဖြစ် မှတ်တမ်းတင် ရိုက်ကူးခြင်းခံခဲ့ရသည်။ အဆိုပါ ဓာတ်ပုံသည် ၂၀၂၀ ပြည့်နှစ် ပူလစ်ဇာဆုရ ဓာတ်ပုံများအနက် တစ်ပုံဖြစ်ခဲ့သည်။

ရန်သည် ဟောင်ကောင်နှင့် မြစ်တစ်စင်းခြားရုံသာရှိသည့် တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးရာ အချက်အခြာတစ်နေရာဖြစ်သော ဆန်းကျန့်မြို့တွင် မိုဘိုင်းဖုန်းပြုပြင်ရေး လုပ်ငန်းငယ်တစ်ခု လုပ်ကိုင်ရင်း ဘဝကို ငြိမ်းချမ်းစွာ ဖြတ်သန်းနေသူတစ်ဦးဖြစ်သည်။

၎င်းအား သွေးများပေကျံနေသူအဖြစ် ဓာတ်ပုံတွင်ရိုက်ကူးထားသည့်ဓာတ်ပုံအား ကြည့်ရှုနေသည့် ရန်ရွှယ်ကျစ်အား မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်သည် ဟောင်ကောင်သို့ စီးပွားရေးကိစ္စအလို့ငှာ တစ်ရက်တာ သွားရောက်ရန် စီစဉ်ခဲ့သည်။ သို့သော် အကြမ်းဖက် ဆန္ဒပြသူများက မြို့တစ်ခွင်ရှိလမ်းများကို ပိတ်ပင်ထားခဲ့ပြီး  အသွားအလာလုံးဝနီးပါးရပ်တန့်နေသဖြင့် ၎င်းသည် ဟောင်ကောင်၌ သောင်တင်နေခဲ့ရာမှ ကြမ္မာဆိုးတစ်ခု ကြုံလာခဲ့ရသည်။ 

ရန်၏သူငယ်ချင်းက လများစွာကြာ အဓိကရုဏ်းဖြစ်ပွားနေသည့် ဟောင်ကောင်သို့ မသွားရန် ရန်အား ဖျောင်းဖျခဲ့ကြသည်။ “အဲဒီအချိန်က သူငယ်ချင်းတွေရဲ့အကြံပေးမှုကို ကျွန်တော် လက်မခံခဲ့မိဘူး။ ကျွန်တော်တွေးမိတာက ကျွန်တော်ဟာ သူတို့နဲ့ ရန်ဖြစ်နေတာမှ မဟုတ်တာ ၊ ဒါမှမဟုတ် သူတို့လုပ်တာတွေကိုလည်း ဗီဒီယိုရိုက်နေမှာမဟုတ်ဘူးလေ။ ဒါကြောင့် ဒီဆူပူသူတွေက အကြောင်းရင်းမရှိဘဲနဲ့ ကျွန်တော့်ကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာပေါ့” ဟု ရန်က ဆင်ဟွာသို့ ပြောခဲ့သည်။

မည်သည့်အရာများဖြစ်လာမည်နည်း ဆိုသည့်အတွေးအနည်းငယ်တော့ ၎င်းတွင် ရှိနေခဲ့သည်။နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ရန်သည် Mong Kok သို့ ဘတ်စ်ကားစီးသွားခဲ့သည်။ ၎င်းသည် အနက်ရောင်ဝတ်ဆင်ထားသူများအား ရန်စရန်အစီအစဉ်မရှိပါဘဲလျက် ရက်စက်သောလုပ်ကြံသူများ၏ သားကောင်ဖြစ်လာခဲ့ရသည်။ ထိုညတွင် Mong Kok နယ်မြေတွင် လူရာပေါင်းများစွာ စုဝေးနေသည်ကို ပြန်ပြောင်းအောက်မေ့လျက် ရန်သည် အနက်ရောင်ဝတ်ဆင်ထားသည့် အကြမ်းဖက်ဆူပူသူ အမျိုးသမီးတစ်ဦးက မိုဘိုင်းဖုန်းကိုင်ထားသည့် ၎င်းကို သတိထားမိသွားခဲ့ကြောင်းနှင့် ၎င်းထံသို့လာကာ မေးခွန်းမေးမြန်းခဲ့သည်ဟု ဆိုသည်။ မန်ဒရင်းဘာသာစကားဖြင့် ရန်က ပြောသည်ကို ကြားလိုက်သောအခါ ယင်းအမျိုးသမီးက အော်ဟစ်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် လူအုပ်စုတစ်စုသည် ရန်၏အနီးသို့ စုဝေးရောက်ရှိလာခဲ့သည်။

ရန်သည် ဆိုးရွားသော လက်သီးထိုးချက်များ၊ ခြေကန်ချက်များစွာခံစားခဲ့ရသလို တိုက်ခိုက်သူအချို့က ကျောက်တုံးများ၊ တူများ၊ အခြားအရာများဖြင့်လည်း ၎င်းအား ပစ်ပေါက် ထုနှက်ခဲ့ကြသည်။ 

“ဆူပူဆန္ဒပြသူတွေက ကျွန်တော့်ကို သူတို့ဒေါသဖြေစရာ ကစားပွဲတစ်ခုလိုပဲ ပြုမူခဲ့ကြတယ်” ဟု ရန်က ဆိုသည်။ ၎င်းကဲ့သို့သော အပြစ်မဲ့ လမ်းသွားလမ်းလာများအား အဘယ်ကြောင့် ရိုက်နှက်ရသည်ကို နားမလည်နိုင်အောင် ဖြစ်နေဆဲပင် ဖြစ်သည်။

ရိုက်နှက်ခံရပြီး မြေပေါ်သို့ကျသွားပြီးနောက် ရန်သည် နာကျင်ကြောက်ရွံ့မှုဖြင့် တွန့်လိမ်ခွေနေခဲ့သည်။ ၎င်းအား ဆူပူအကြမ်းဖက်သူက ဆက်လက်ထိုးနှက်နေသဖြင့် မတ်တပ်မရပ်နိုင်သေးဘဲဖြစ်နေချိန် အနီးဝန်းကျင်ရှိ ဓာတ်ပုံသမားများကလည်း အဆက်မပြတ်ဓာတ်ပုံရိုက်နေခဲ့သည်။ ဆူပူအကြမ်းဖက်သူအချို့က ရန်ထံမှ ငွေကြေး၊ ဖုန်းနှင့် အခြားကိုယ်ပိုင်ဆိုင်ပစ္စည်းများကို လုယက်ယူငင်ခဲ့ကြသည်။

ရိုက်နှက်ခံထားရသော ရန်သည် ၎င်း၏ခေါင်းကို လက်များ၊ လက်မောင်းများဖြင့် အကောင်းဆုံးကာကွယ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သတိလစ်သွားခဲ့သည်။ “ကျွန်တော့်ခေါင်းကို ကာကွယ်ဖို့ မေ့သွားခဲ့မယ်ဆိုရင် ကျွန်တော် အဲဒီနေရာမှာတင်သေသွားလောက်တယ်” ဟု ရက်စက်စွာတိုက်ခိုက်ခံရပြီးနောက် လများစွာအကြာ အသံတုန်တုန်ယင်ယင်ဖြစ်နေသော ရန်က ရှင်းပြခဲ့သည်။ 

ဟောကောင်ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာတွင် ခံစားနေရသူကို ကယ်ဆယ်ရန် အချိန်မီရောက်ရှိလာခဲ့သည်။ ၎င်းတို့က အဓိကရုဏ်းတွင် ပါဝင်သူများအား လူစုခွဲခဲ့ပြီး ရန်ကိုလည်း ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။ သတိရလာပြီးနောက်တွင် ၎င်း၏လက်ချောင်းများ အားလုံးနီးပါး ပျက်စီးနေသည်ကို ရန် တွေ့ခဲ့သည်။ “အဲဒီ ညှာတာမှုကင်းမဲ့လှတဲ့ ဆူပူအုံကြွသူတွေက ကျွန်တော့်ကိုသတ်ချင်နေတာ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော် အသက်ရှင်နေသေးတယ်” ဟု ဒေါသထွက်လျက်ပြောခဲ့သည်။ ဟောင်ကောင်တွင် လေးရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီနောက် ဆန်းကျန့်သို့ပြန်လာခဲ့သည်။

ဒဏ်ရာများကို အချက်ပေါင်း ၆၀ ခန့်ချုပ်ခဲ့ရပြီး ၎င်း၏ဦးခေါင်းအနောက်ဘက်တွင် ချုပ်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေသည်။ ရန်၏ ဘယ်ဘက်လက်ညှိုးမလှုပ်ရှားနိုင်တော့သလို ညာဘက်လက်ခလယ်မှာလည်း ကောင်းကောင်းမဆန့်နိုင်တော့ပေ။ပူလစ်ဇာဆုရ ဓာတ်ပုံတစ်ပုံပင်ဖြစ်ခဲ့သော်ငြားလည်း ထိုအရာက ဝမ်းမြောက်ပျော်ရွှင်ရန် ခါးသီးလွန်းလှသည်ဟု ရန်က ဆိုသည်။ 

“ကျွန်တော့်ကိုရိုက်ကူးခဲ့တဲ့ ဓာတ်ပုံက ထိပ်ဆုံးဆုကို ရရှိခဲ့ပေမဲ့ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ဝင်ငွေမရှိမှုတွေနဲ့ ကျွန်တော်ကတော့ အခြေအနေတော်တော်ဆိုးသွားခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် ရန်အတွက် ဖုန်းပြင်သည့်အလုပ်ကို ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလျက်ရှိသည်။ ၎င်းသည် ခြောက်လကျော်ခန့် အလုပ်မရှိဘဲ နေခဲ့ရသည်ဟု ဆိုသည်။“ကျွန်တော့်လက်တွေက ပြန်ကောင်းဖို့မရှိတော့ပါဘူး။ အလုပ်တစ်ခုရှာဖို့က ကျွန်တော့်လိုလူအတွက် မလွယ်ပါဘူး” ဟု ရန်က ပင့်သက်ရှိုက်ရင်း ပြောခဲ့သည်။ ၎င်း၏ စုဆောင်းထားသည်များ ကုန်သွားပြီးနောက် ရန်သည် ဆန်းကျန့်ကဲ့သို့ မြို့ကြီးတွင် နေထိုင်ရန် ၎င်း၏သူငယ်ချင်း အပေါ်တွင် မှီခိုနေရသည်။

ရန်၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာသည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာခံစားရမှုများထက် ပို၍ပြင်းထန်လျက်ရှိသည်။ ရန်သည် ခွဲစိတ်ဒဏ်ရာများကြောင့် ဂိုဏ်းစတားတစ်ဦးနှင့် မှားယွင်းထင်မြင်ခြင်းခံခဲ့ရသည်။ အိပ်မက်ဆိုးများက ၎င်းအား ခြောက်လှန့်လျက်ရှိနေသည်။

ရန်သည် ဟောင်ကောင်တွင် လပေါင်းများစွာကြာဖြစ်ပွားခဲ့သည့် လူမှုရေးမငြိမ်မသက်မှုများအတွင်း အဓိကရုဏ်းတွင်ပါဝင်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများခံခဲ့ရသည့် အပြစ်မဲ့ပြည်သူများအနက် တစ်ဦးဖြစ်သည်။ ရန် အတိုက်အခိုက်ခံရသည့်နေ့တွင်ပင် Ma On Shan နယ်မြေ၌ အဓိကရုဏ်းဖြစ်ပွားမှုအတွင်း အသက် ၅၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးသည် မီးလောင်လွယ်သောအရည်များဖြင့် လောင်းချခံရကာ မီးရှို့ခံခဲ့ရသည်။

ထို့ပြင် ဟောင်ကောင်သို့ လာရောက်ခဲ့သည့် ဂျပန်နိုင်ငံသားတစ်ဦးလည်း ယင်းနေ့တွင်ပင် ဆူပူအုံကြွသူများ၏ ရိုက်နှက်ခြင်းခံခဲ့ရကြောင်း အခင်းဖြစ်ပွားပြီးနောက်တစ်နေ့တွင် ဂျပန်နိုင်ငံ အာဏာပိုင်များက အတည်ပြုခဲ့သည်။ယခုအချိန်အထိ ဟောင်ကောင်တွင် မတည်ငြိမ်မှုများအတွင်း အရိုက်ခံရသူ ၄၅ ဦးထက်မနည်း ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြို့တော် ရဲတပ်ဖွဲ့၊ လွတ်လပ်သော ရဲတပ်ဖွဲ့တိုင်ကြားရေးကောင်စီ (IPCC) က ဖော်ပြထားသည်။ 

ကနဦးက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရာမှ အကြမ်းဖက်ဆန္ဒပြမှုများအဖြစ် ပြောင်းလဲသွားခဲ့သည့် လူမှုရေးမငြိမ်မသက်မှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို IPCC က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ အရှိန်မြှင့်တင်မှု၊ အကြမ်းဖက်မှု အစောပိုင်လက္ခဏာများဖြင့် လူထုချီတက်မှုများနှင့် ဆန္ဒဖော်ထုတ်မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်း အစီရင်ခံ၌ ဖော်ထုတ်တွေ့ရှိထားသည်။ ယင်းတွင် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများ ဖျက်ဆီးမှု ကျယ်ပြန့်လာခဲ့ပြီး စီးပွားရေးကို ကာလရှည်ထိခိုက်မှုရှိလာခဲ့သည်။

ရန်က အကြမ်းဖက်သူများကို ဖမ်းဆီးပြီး တစ်နေ့တွင် ထိုသူများထံမှ နစ်နာကြေးများ ရရှိနိုင်ရန် မျှော်လင့်ရင်း ၎င်း၏ ဒဏ်ရာများအတွက် အဆုံးအဖြတ်ပေးရန် ဟောင်ကောင်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်ဟု ဆိုသည်။ “ဒါပေမဲ့ သူတို့အားလုံးက မျက်နှာဖုံးတွေဝတ်ဆင်ထားကြတာ ဒါကြောင့် သူတို့ကဘယ်သူတွေလဲဆိုတာ ခွဲခြားဖို့ ခက်နေတယ်” ဟု ရန်က မျှော်လင့်ချက်မဲ့သော အသံဖြင့်ပြောခဲ့သည်။ 

ရန်က အခြားသော နစ်နာသူသားကောင်များနှင့်မတူသည်မှာ ၎င်းရိုက်နှက်ခံထားရသည့်ပုံကို မှတ်တမ်းတင်ခြင်းခံရပြီး ယင်းဓာတ်ပုံသည် ဆုရ ဓာတ်ပုံဖြစ်လာခဲ့သည်။ ယင်းဓာတ်ပုံသည် ဟောင်ကောင်၏ တရားဥပဒေစိုးမိုးရေး ဗရမ်းဗတာဖြစ်နေပုံကို ဖော်ညွှန်းနေသည့် ဆိုးဝါးလှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

ယင်းခရီးစဉ်အကြောင်းတွေးရင်းက ဝမ်းနည်းကြေကွဲမှုကို တစ်ဖန်ပြန်လည် ပြည့်လျှံလာစေခဲ့သည်။ “ဒါက ကျွန်တော့်ကို ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးလေ။ ကျွန်တော်သာ ဟောင်ကောင်ကိုမသွားခဲ့ဘူးဆိုရင် ဘာဖြစ်မှာလဲ။ အဲဒီ ဆူပူသူလူအုပ်ကြီးနဲ့ မတွေ့ခဲ့ရင် ကျွန်တော် ဘာဖြစ်မှာလဲ”   (Xinhua)