Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံအစိုးရက လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေးများ ရန်ကုန်မြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ အစိုးရက လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ်ဖြစ်သော ကာကွယ်ဆေး ၇၃၆,၀၀၀ လုံးသည် ယနေ့ ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့အား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar)

တရုတ်နိုင်ငံ အစိုးရက လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar)

တရုတ်နိုင်ငံ အစိုးရက လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တို့အတူ ဗီဒီယိုစနစ်ဖြင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင််းပစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်က ယနေ့တွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေး အလုံးရေ ၇ သိန်းကျော် ရန်ကုန်မြို့သို့ ပို့ဆောင်ရောက်ရှိလာကြောင်း၊ ယင်းသည် တရုတ်ပြည်သူများက မြန်မာပြည်သူများအပေါ် ထားရှိသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ပို့ဆောင်လာခြင်းဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသော အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်စေကြောင်း၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်ကစပြီး တရုတ်-မြန်မာနှစ်နိုင်ငံသည် ထိရောက်မှုရှိသော ကပ်ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ခဲ့ကြောင်း လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအား ဗီဒီယိုစနစ်ဖြင့် ကျင်းပရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တို့အတူ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် လွှဲပြောင်းပေးအပ်လွှာကို လက်မှတ်ရေးထိုးကြပြီး ယင်းအခမ်းအနားသို့ တရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan နှင့် စီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက်ကြကြောင်း သိရသည်။

သံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာနိုင်ငံ ကပ်ရောဂါတတိယလှိုင်း မဖြစ်ပွားမီတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကာကွယ်ဆေးအလုံးရေ ၅ သိန်း မြန်မာနိုင်ငံသို့ အချိန်မီပို့ဆောင်ပြီး စတင်ထိုးနှံ ခဲ့ကြောင်း၊ လက်ရှိတွင် ကပ်ရောဂါက မြန်မာနိုင်ငံတွင် အဆက်မပြတ် ပျံ့နှံ့နေပြီး မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲနှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ နောက်တစ်ဆင့်အနေဖြင့် COVID-19 ကာကွယ်ဆေးအလုံးရေ ၂ သန်း လှူဒါန်းသွားမည်ဖြစ်ပြီး အမြန်ဆုံးအချိန်အတွင်း၌ ၎င်းတို့အနက် ပထမဆုံးအသုတ် ကာကွယ်ဆေးများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးကြောင်း၊ ထိုလုပ်ဆောင်ချက်ကတစ်ဆင့် မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီပေးပြီး မြန်မာနိုင်ငံပြည်သူများ ကျန်းမာဘေးကင်းမှုကို ထိန်းသိမ်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီးက တရုတ်နိုင်ငံ၏ ပါတီနှင့် အစိုးရသည် “ပြည်သူသည်သာအဓိက၊ အသက်သည်သာအဓိက” ဟူသည့် ကပ်ရောဂါတိုက်ဖျက်ရေးသဘောတရားကို အမြဲတစေ လက်ကိုင်စွဲထားကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးရခြင်းမှာ မြန်မာနိုင်ငံ ကောင်းမွန်စေရန်နှင့် မြန်မာပြည်သူများ ကောင်းမွန်စေရန် ဖြစ်ကြောင်း၊ မြန်မာပြည်သူများ လက်ရှိခံစားနေရသော ပြင်းထန်သည့် ကပ်ရောဂါအခြေအနေနှင့်ပတ်သက်ပြီး မိမိတို့ ထပ်တူထပ်မျှခံစားရကာ မြန်မာနိုင်ငံသို့ အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် (Oxygen Concentrator) စသည့် အရေးပေါ်လိုအပ်သော ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လျင်မြန်စွာထောက်ပံ့ပေးရန် လုပ်ငန်းကုမ္ပဏီ စသည့်ဘက်အသီးသီးနှင့် တစ်ဆင့်တိုး ညှိနှိုင်းလျက်ရှိကြောင်း၊ ယူနန်ပြည်နယ်ကလည်း အခက်အခဲများကို ကျော်ဖြတ်ပြီး တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အထူးလမ်းကြောင်း သီးသန့် ဖွင့်လှစ်ပေးလိုက်ကြောင်း၊ မိမိတို့ကလည်း အသက်သာဆုံးစျေးနှုန်း၊ အမြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ဝယ်ယူနိုင်ရန် ကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

လတ်တလောရက်အနည်းငယ်အတွင်း အသက်ရှူစက် (Ventilator) အလုံးရေ ထောင်ကျော်၊ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် (Oxygen Concentrator) အလုံးရေရာကျော်၊ အောက်ဆီဂျင်အရည် တန်ချိန်ရာကျော်၊ အောက်ဆီဂျင်အိုး အလုံးရေ လေးထောင်ကျော်၊ နှာခေါင်းစည်းအခုရေ သိန်းချီ စသည့် မြန်မာနိုင်ငံက အရေးပေါ်လိုအပ်လျက်ရှိသော ပစ္စည်းများကို တရုတ်နိုင်ငံမှ ပို့ဆောင်လာသည်ဟု စာရင်းအချို့အရ သိရကြောင်း၊ အထက်ပါ အစီအမံများမှ တစ်ဆင့် မြန်မာနိုင်ငံ ကပ်ရောဂါ အောင်မြင်စွာတိုက်ဖျက်နိုင်ရေးအတွက် အင်တိုက်အားတိုက် ထောက်ခံအားပေးနိုင်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

သံအမတ်ကြီးက လတ်တလောတွင် တရုတ်-မြန်မာနယ်စပ်ရှေ့တန်း၌ အတည်ပြုလူနာသစ်များ တိုးများလာပြီး ယူနန်ပြည်နယ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဖိအား သိသိသာသာ များလာသဖြင့် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိကြောင်း၊ မြန်မာဘက်က နယ်စပ်စီမံထိန်းချုပ်ရေးနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်း၌ တရုတ်နိုင်ငံနှင့် ကောင်းမွန်သော တွဲဖက်ဆောင်ရွက်မှုရှိမည်ဟု မိမိတို့မျှော်လင့်ပြီး ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများ ထပ်မံလက်ခံရရှိသည့်အတွက် များစွာဝမ်းမြောက်ပြီး တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ကူညီမှုနှင့် ကာကွယ်ဆေးများ အချိန်မီ ပို့ဆောင်ရောက်ရှိနိုင်ရေးအတွက် ကြိုးပမ်းမှုများအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ကာကွယ်ဆေးများ အမြန်ဆုံး ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အား အားဖြည့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်မှစ၍ မြန်မာ-တရုတ်နှစ်နိုင်ငံသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများ မျှဝေပေးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ တရုတ်ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန်၊ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ဆောင်နိုင်ရန် များစွာကူညီပေးခဲ့ကြောင်း၊ ယင်းသည် နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ထင်ဟပ်နေပြီး မြန်မာနိုင်ငံက များစွာကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံသည် နယ်စပ်၌လည်း ပူးတွဲကာကွယ်ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်ပြီး ကပ်ရောဂါ နယ်စပ်ဖြတ်ကျော် ပျံ့နှံ့မှုမရှိစေရန် ဆောင်ရွက်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါအား စည်းလုံးညီညွတ်စွာ အတူတကွ တိုက်ထုတ်မှ အောင်မြင်မှုများ ရရှိမည်ဖြစ်ပြီး လာမည့်ကာလများတွင် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် ဆက်လက်၍ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

ယခုအကြိမ် ပို့ဆောင်ရောက်ရှိသော ကာကွယ်ဆေးများအပြင် တရုတ်နိုင်ငံအစိုးရက ထောက်ပံ့သည့် ကာကွယ်ဆေး အလုံးရေ ၁,၂၆၄,၀၀၀ ကိုလည်း ယခုရက်ပိုင်းတွင် ရန်ကုန်မြို့သို့ ဆက်တိုက် ပို့ဆောင်ရောက်ရှိမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူသည့် ပထမအသုတ် Sinovac ကာကွယ်ဆေး ၂ သန်းသည်လည်း ဇူလိုင် ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း ၊ တရုတ်ကာကွယ်ဆေး စသည့် ပစ္စည်းများသည် ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ် ခံနေရသော မြန်မာပြည်သူများထံ အားကောင်းသော ဖေးမကူညီမှုများ ဆောင်ကြဉ်းပေးလာကြောင်း သံရုံးက ထည့်သွင်းထုတ်ပြန်ခဲ့သည်။ (Xinhua)