Connect with us

CHINA

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများထံသို့ စာဖြင့် အကြောင်းပြန်

ပုံစာ - တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂ ရက်က ရောက်ရှိလာစဉ်(ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများထံသို့ စာဖြင့် အကြောင်းပြန်ခဲ့ကြောင်း သံရုံးမှ ယနေ့ ထုတ်ပြန်ဖော်ပြခဲ့သည်။လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများမှ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသို့ စာပို့၍ မြန်မာနိုင်ငံ ကပ်ရောဂါအခြေအနေနှင့် ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲများအကြောင်း ဆွေးနွေးပြီး မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အကူအညီပေးအပ်ရန် တရုတ်ဘက်သို့ ပန်ကြားလာကြောင်း ၊ ထို့ပြင် မြန်မာပြည်သူ တော်တော်များများမှလည်း ထိုကဲ့သို့မျှော်လင့်ကြောင်း စာပို့၍ ဖော်ပြကြကြောင်း နှင့် သံရုံးက အထက်ပါစာများကို များစွာအလေးထားပြီး စာပို့သူများကို ဂရုတစိုက် အကြောင်းပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

သံရုံးက စာအကြောင်းပြန်ရာ၌ လတ်တလောကာလတွင် မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ပြည်သူအများအပြား ကူးစက်ခံနေရသည့်အပေါ် မိမိတို့ စိတ်ပူပန်မိကြောင်း၊ မြန်မာပြည်သူများ ကြုံတွေ့နေရသည့်အခြေအနေများကို မိမိတို့ ထပ်တူထပ်မျှခံစားရကြောင်း ပြောကြားခဲ့ကြောင်း ၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ်ကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် ထိရောက်မှုရှိသော ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း အများအပြား ကူညီထောက်ပံ့ပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့များ အကြိမ်များစွာ စေလွှတ်၍ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အကူအညီပေးခဲ့ကြောင်း ၊ မိမိတို့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါ နောက်တစ်ကြိမ် ဖြစ်ပွားမှုအခြေအနေကို များစွာဂရုပြုကြောင်း သံရုံးက ပြောကြားခဲ့သည်။

မေလတွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့် COVID-19 ကာကွယ်ဆေး အလုံးရေ ၅ သိန်း ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ရာ မြန်မာပြည်သူများ ကပ်ရောဂါကာကွယ်ရေးအတွက် အရေးပါအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ၊ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်ဆေး အလုံးရေ ၂ သန်း ထပ်မံ ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကာကွယ်ဆေးကုမ္ပဏီများကို သက်သာသောစျေးနှုန်း၊ အမြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ထောက်ပံ့ပေးရန်လည်း တက်တက်ကြွကြွ တွန်းအားပေးထားကြောင်း ၊ မြန်မာနိုင်ငံမှ ဝယ်ယူသည့် Sinovac ကာကွယ်ဆေး အလုံးရေ ၂ သန်းသည်လည်း ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်ချက်များနှင့် ပေါင်းစပ်၍ မြန်မာဘက်သို့ အသက်ရှူစက်၊ အောက်ဆီဂျင်စက်၊ နှာခေါင်းစည်း စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ မြန်ဆန်စွာ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၊ ယူနန်ပြည်နယ်မှ အထူးလမ်းကြောင်း သီးသန့်ဖွင့်လှစ်၍ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်အောင် အာမခံပေးကြောင်း ၊ ထို့ပြင် တရုတ်သံရုံးသည် မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ၊ ဆေးရုံများသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများနှင့် စားသောက်ကုန်များလည်း လှူဒါန်းလျက်ရှိပြီး မိမိတို့ဆောင်ရွက်နေသည့် ထိုလုပ်ငန်းများအားလုံးသည် မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူများအတွက် ဖြစ်ကြောင်း သံရုံးက ဖော်ပြခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုများ ဖြစ်ပြီး အပြန်အလှန်ဖေးမကူညီခြင်းသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်တွင် ရှိသင့်သည့် ဝတ္တရား ဖြစ်ကြောင်း တရုတ်နိုင်ငံသည် မြန်မာပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို များစွာအလေးထားလျက်ရှိပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက်ကူညီသွားမည် ဖြစ်ပြီး မိမိတို့သည် တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများကိုလည်း ယခင်ကကဲ့သို့ပင် ဆက်လက်၍ အကူအညီနှင့် ထောက်ခံအားပေးမှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)