Connect with us

Education & Health

တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ပြီးသူတိုင်း စံသတ်မှတ်ချက် နှင့် ကိုက်ညီပါက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍  အခြေခံပညာသင်ယူ ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်

၂၀၂၀ပြည့်နှစ် COVID-19 ရောဂါဖြစ်ပွားသည့်ကာလ တွင် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ အနေအထားဖြင့် ပညာသင်ကြားနေသောကျောင်းသား၊ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

၂ဝ၁၉-၂ဝ၂ဝ   ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းတက်ရောက်ခဲ့ကြသည့်  ကျောင်းသား၊ ကျောင်းသူများထဲမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက် ၇ ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများကို အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် ယခုနှစ်မှ စတင်၍ အခြေခံ ပညာ သင်ယူပြီးမြောက်ခြင်း လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ သြဂုတ် ၁၄ ရက်တွင်ပြောသည်။ 

အဆိုပါလက်မှတ်ရရှိပါက ကျောင်းသား/ကျောင်းသူများအနေဖြင့် တက္ကသိုလ်များမှ ဖွင့်လှစ်သည့် ဒီပလိုမာတန်းများ အပါအဝင် အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းများ၊  GTI  ကျောင်းများနှင့်  စိုက်ပျိုးရေး သိပ္ပံကျောင်းများ အစရှိသည့်ကျောင်းများသို့   ဆက်လက် တက်ရောက်ပညာ သင်ယူနိုင်မည်ဖြစ်ကြောင်း၊ ထိုအတန်းများတွင် တက်ရောက်၍ ထူးချွန်ပါက မဟာဘွဲ့၊ ဒေါက်တာဘွဲ့များ အထိ ဆက်လက် သင်ယူနိုင်မည်ဖြစ်ကြောင်းဦးကိုလေးဝင်း ၏ ပြောကြားချက်အရသိရသည်။ 

ဦးကိုလေးဝင်းက “တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူဖြစ်စေ၊ မဖြေဆိုသူဖြစ်စေ၊ အောင်မြင်သူဖြစ်စေ၊ မအောင်မြင်သူဖြစ်စေ စံသတ်မှတ်ချက် ၇ ချက်နဲ့ ကိုက်ညီရင် အခြေခံပညာသင်ယူပြီးမြောက် ခြင်းလက်မှတ်ရမယ်။ ၁၀တန်းအောင်ပေမယ့် စံသတ်မှတ် ချက်နဲ့ မကိုက်ညီရင်တော့ သင်ယူပြီးမြောက်ခြင်း လက်မှတ်ရမှာ မဟုတ်ဘူး။ ဒီနှစ်မှာ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသားဦးရေ ၅ သိန်းကနေ ၆ သိန်းကြားရှိတယ်။ အဲ့ဒီ ထဲက  ၉၀ ရာခိုင်နှုန်းကျော်က အခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ရမှာဖြစ်တယ်။’’ ဟုရှင်းပြသည်။

စံသတ်မှတ်ချက်များမှာ အနည်းဆုံးကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်းရှိရန်လိုအပ်ပြီး ကျန်းမာရေး ညံ့သောကျောင်းသား/ကျောင်းသူ များမှာအနည်းဆုံး ကျောင်းတက်ချိန် ၆၀ ရာခိုင်နှုန်းရှိခြင်း၊ကျောင်းမှ ကျင်းပသည့် အရည်အချင်းစစ်စာမေးပွဲတိုင်းဖြေဆိုခြင်း နှင့်  လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့အပါအဝင် စုစုပေါင်း စံသတ်မှတ်ချက် ၇ ချက်သတ်မှတ်ထားကြောင်း သိရသည်။ 

အခြေခံပညာ သင်ယူပြီးမြောက်ခြင်း လက်မှတ်များကို  ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူများသာ ရရှိနိုင်မည်ဖြစ်ပြီး ပြင်ပမှဖြေဆိုသူများ ရရှိမည် မဟုတ်ကြောင်း သိရသည်။စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများကို သင်ယူပြီးမြောက်ခြင်း လက်မှတ်ထုတ်ပေးရာတွင် အခြေခံပညာကျောင်း၊     ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်   ပညာရေးကျောင်းအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ အရင်က တက္ကသိုလ်ဝင်ခွင့်အတန်း နဲ့ အထက်တန်းပြီးဆုံးခြင်း ကို တစ်ခုတည်းလုပ်ခဲ့တော့ ကျောင်းသား ၃ ပုံ ၁ ပုံလောက်က အမြဲတမ်း ပညာရေးအဟောသိကံ ဖြစ်နေခဲ့ရတယ်ပေါ့။ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်မှ ဆက်သွားလို့မရ၊ ဘာမှ လေ့လာလို့မရ ၁၀တန်း အောင်မှ ကလေးတွေရဲ့ ဘဝက ပညာရေးလမ်းကြောင်း တွေ ကို ဆက်သွားလို့ရတဲ့ ပုံစံဖြစ်ခဲ့တယ်။ အဲ့ဒါကို ကျွန်တော်တို့က တနည်းအားဖြင့်ပြောရင် ကလေး တွေကို သင်ယူမှု ပိုရအောင် ပညာရေးအဟောသိကံ မဖြစ်ရအောင် လုပ်ပေးရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

လက်မှတ်များကိုမကြာခင် ထုတ်ပေးမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှု မရရှိသော်လည်း ပညာရေးပြုပြင်ပြောင်းလဲမှုစနစ်အရ ကျောင်းသားများအတွက် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

၂ဝ၁၉-၂ဝ၂ဝ     ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကိုးသိန်းခန့် ရှိသည့်အနက် နှစ်သိန်းကိုးသောင်းကျော် အောင်မြင်ခဲ့ကြောင်းသိရသည်။  (Xinhua)