Connect with us

Politics, Law & Military

တရုတ်နိုင်ငံမှ လူစီးရထားတွဲ အသစ်၂၈ တွဲ ၂၀၂၀ ပြည့်နှစ်အတွင်း အားလုံး ရရှိမည်ဟု ဆို

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အတိုးမဲ့ ချေးငွေ ယွမ် သန်း ၈၀ ဖြင့် မြန်မာ့ မီးရထားမှ ဝယ်ယူ ထားသော လူစီးရထားတွဲ အသစ် ၂၈ တွဲ ဝယ်ယူခြင်းအတွက် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါ တွဲအားလုံး ရရှိမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် က ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“လူစီးတွဲသစ် ၂၈ တွဲ ဝယ်ယူရေး စီမံကိန်း (Implementation Agreement for Procurement of 28 Nos. of Passenber Coaches by China’s Interest Free Loan)နဲ့ ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတကြီး မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့တာပါ၊ တွဲတွေအားလုံး ၂၀၂၀ ထဲမှာ ရရှိမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ ယနေ့ ညနေပိုင်း ပြုလုပ်သော အစိုးရ၏ လေးနှစ်ပြည့် ဆောင်ရွက်ချက် များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မူဆယ် – မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေး စီမံချက်မှာ သက်ဆိုင်ရာ ပညာရှင်များ၏ ကွင်းဆင်း ဆောင်ရွက်မှုအပြင် တတိယ အဖွဲ့(Third Party) တစ်ဖွဲ့၏ အဆိုပါ စီမံကိန်း အပေါ် လေ့လာ သုံးသပ်ချက်များ ရရှိရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ရထားလမ်း ဖောက်လုပ်ပြီးစီးပါက နှစ်နိုင်ငံ ပြည်သူများ သွားလာမှု အဆင်ပြေရေးအပြင် နယ်စပ်ကုန်သွယ်ရေး ကိုပါ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားရှိကြောင်း၊ သို့ရာတွင် နယ်စပ် ဖြတ်ကျော် ၊ နိုင်ငံ ဖြတ်ကျော် စီမံကိန်း ဖြစ်သည့်အတွက် ပို့/ ဆက် ဝန်ကြီးဌာနအနေဖြင့် အဘက်ဘက်က စဉ်းစား ချင့်ချိန်ကာ လုပ်သင့် မလုပ်သင့်သည်များအပေါ် ခွင့်ပြုချက်များ အဆင့်ဆင့် ရယူပြီးမှသာ အမှား အယွင်း မရှိစေရန်နှင့် မိမိတို့နိုင်ငံ ထိခိုက်နစ်နာမှု မရှိစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Ruli East Railway ဘူတာမှ တစ်ဆင့် မြန်မာနိုင်ငံ မူဆယ်မြို့အား ဖြတ်ကျော်၍ မန္တလေးသို့ ဆက်သွယ် ဖောက်လုပ်မည့် ၄၃၁ ကီလိုမီတာခန့် ရှည်လျားသော Standard Guage System ရထားလမ်း စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ဖြစ်မြောက် နိုင်ခြေ လေ့လာမှု(FS:_ Feasibility Study) ကိုတရုတ်နိုင်ငံဘက်က ကုန်ကျစရိတ်ဖြင့် ဆောင်ရွက် ပေးမည်ဟု ၂၀၁၇ မေလ တွင် လာရောက် ကမ်းလှမ်းမှုအပေါ် မြန်မာ့ မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Company Limited တို့အကြား ၂၀၁၈ အောက်တိုဘာ ၂၈ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၅ ရက်နေ့မှ စ၍ ဖြစ်မြောက် နိုင်ခြေ လေ့လာမှု လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ၏ Final Draft Report ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း တရုတ်နိုင်ငံ သမ္မတကြီးရှီကျင့်ဖိန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)