Connect with us

Politics, Law & Military

၂၀၁၈-၁၉ဘဏ္ဍာနှစ်အတွင်း လမ်း အရှည် ၂,၂၅၇ မိုင် ဖောက်လုပ်ပြီးစီးခဲ့ဟု ဆို

ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ဘဏ္ဍာနှစ်အတွင်း ကျော်လမ်းနှင့် ဂဝံလမ်း ၁,၅၃၂ မိုင်၊ ကွန်ကရစ်လမ်း၃၅၁ မိုင်၊ ကတ္တရာလမ်း ၃၇၄ မိုင် ၊ စုစုပေါင်း လမ်းအရှည် ၂,၂၅၇ မိုင် ဖောက်လုပ် ပြီးစီးခဲ့ရာ မူလလျာထားချက်ထက် ၆၅၇ မိုင် ပိုမို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်းက ယနေ့ ညနေပိုင်း၌ ပြောကြားခဲ့သည်။

“နိုင်ငံတော် သမ္မတကြီးရဲ့ ၂၀၁၈ နှစ်သစ်ကူးမိန့်ခွန်းမှာ  ကျေးလက်လမ်း မိုင် ၆၀၀ နဲ့ ကွန်ကရစ် လမ်း မိုင် တစ်ထောင်။ စုစုပေါင်း လမ်းမိုင် ၁,၆၀၀ ဖောက်လုပ်ပေးမယ်လို့ပြောတဲ့အပေါ် လျာထား ချက် ထက် ပိုမို ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ညနေပိုင်း ပြုလုပ်သော အစိုးရ၏ လေးနှစ်တာ ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် စတုတ္ထ တစ်နှစ်တာအတွင်း ကွန်ကရစ် တံတား ၅၄၀ စင်း၊ သစ်သား တံတား ၂၂ စင်း၊ ဘေလီကြိုး တံတား ၁၇ စင်း၊ ရေကျော်ကြိုးတံတား ၈၆ စင်း၊ Box Culvert ၁,၄၁၀ စင်းတို့ကို တည်ဆောက် နိုင်ခဲ့ကြောင်း၊ နိုင်ငံနှင့် အဝှမ်း လမ်း တံတားများ တည်ဆောက်ခဲ့ရာ လမ်းမိုင်ပေါင်း ၂,၀၀၀ ကျော် ရှိသော ကချင်ပြည်အတွင်း လမ်းများ၏ ၇၄ ရာခိုင်နှုန်းကို ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းနှင့် ရာသီမရွေး သွားလာနိုင်သည့် လမ်းများ အဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ယခင်က ဗွက်တန်းလမ်း ဟု ကမ္ဘာကျော်သော သုံးညအိပ် လေးညအိပ်သွားခဲံရသော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းအား လေးနှစ်တာအတွင်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ထို့အတူ ကယားပြည်နယ်၌ လမ်းမိုင် ၅၀၀ ကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းအား ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းအားလုံးမှာ ရာသီမရွေး သွားနိုင်အောင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ရှိ လမ်းမိုင်ပေါင်း ၈၀၀ အနက် ၈၀ ရာခိုင်နှုန်းအား ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းနှင့် ရာသီမရွေး သွားလာနိုင်သော လမ်းများ အဖြစ် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထူးခြားချက်အဖြစ်မြဝတီမြို့တွင်  မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)ကို အောင်မြင်စွာ ဖွင့် လှစ်နိုင်ခဲ့ပြီး အဆိုပါ တံတားနှင့် ဆက်စပ်နေသည့် အိန္ဒု-ကော့ကရိတ် လမ်းပိုင်း ကို အာရှ ဖွံ့ဖြိုးရေးဘဏ် ချေးငွေ ဒေါ်လာ သန်း ၁၂၀ ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ လာမည့် ပွင့်လင်းရာသီတွင် ပြီးစီးမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “ချင်းပြည်နယ်မှာ လမ်းမိုင်ပေါင်း ၁,၃၀၀ ကျော်ရှိတဲ့အနက် ၈၄ ရာခိုင်နှုန်းကို ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်းများအဖြစ် လေးနှစ်အတွင်းမှာ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ကလေး-ဖလမ်း-ဟားခါး ၁၂၄ မိုင်လမ်းကိုလည်း ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက် လျက် ရှိပါတယ်၊” ဟုပြောခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင်၂,၈၀၀ ကျော်အနက် ၉၅ ရာခိုင်နှုန်းအား ရာသီ မရွေး သွားလာနိုင်သည့် လမ်းများ အဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရှိလမ်းမိုင်ပေါင်း ၁,၇၀၉ မိုင်၏ ၈၄ ရာခိုင်နှုန်းအား ကတ္တရာ နှင့် ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက် ပြီးစီးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ရှိ လမ်းမိုင်ပေါင်း၁,၃၄၂ မိုင်၏၉၅ ရာခိုင်နှုန်း၊ မကွေးတိုင်း ဒေသ ကြီးရှိ လမ်းမိုင် ၂,၀၀၀ ကျော်အနက် ၉၉ရာခိုင်နှုန်းတို့ကိုလည်း ရာသီမရွေး သွားလာနိုင်သော လမ်း များ အဖြစ် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအနေအထားဖြင့် ၂၀၁၆ ခုနှစ်မှာ ကတ္တရာ လမ်းက လမ်းအားလုံး၏ ၆၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုအခါ ၇၄ ရာခိုင်နှုန်းကို တိုးတက်လာခြင်း ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)