ဥရောပ ကော်မရှင် နှင့် AstraZeneca ကုမ္ပဏီ အကြား COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူမှု ဆိုင်ရာ သဘောတူညီချက် ရရှိ

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen အား မြင်တွေ့ရစဉ် (ဆင်ဟွာ) INTERNATIONAL ORGANIZATION

ဘရပ်ဆဲလ် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဥရောပ ကော်မရှင် နှင့် AstraZeneca ကုမ္ပဏီ အကြား COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူမှု ဆိုင်ရာ သတောတူညီချက် ရရှိခဲ့ပြီး ယင်း ကုမ္ပဏီ ၏ COVID-19 ရောဂါ ကာကွယ်ဆေး အသစ် က လုံခြုံထိရောက်ကြောင်း သက်သေပြနိုင်ချိန်တွင် ဥရောပ ကော်မရှင် အနေဖြင့် ယင်းကုမ္ပဏီ မှ ကာကွယ်ဆေး အခုရေ သန်း ၃၀၀ ဝယ်ယူသွားမည် ဖြစ်ပြီး လိုအပ်ပါက အခုရေ သန်း ၁၀၀ ထပ်မံဝယ်ယူပိုင်ခွင့် ရှိကြောင်း ၊ ယင်း သဘောတူညီချက် က ဥရောပ ကော်မရှင် မှ COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူမှု ဆိုင်ရာ ရရှိခဲ့သော ပထမ ဦးဆုံးသော သဘောတူညီချက် ဖြစ်ကြောင်း ဥရောပ ကော်မရှင် က သြဂုတ် ၁၄ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ယခု ရရှိခဲ့သည့် သဘောတူညီချက် သည် ဥရောပ ကော်မရှင် ဆောင်ရွက်မည့် ကာကွယ်ဆေး ဆိုင်ရာ မဟာဗျူဟာ ၏ ပထမ ဦးဆုံး သော အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ၊ ဥရောပ ကော်မရှင် အနေဖြင့် အီးယူ အဖွဲ့ဝင် နိုင်ငံများ ကိုယ်စား ကာကွယ်ဆေး ဝယ်ယူမှု ပြုလုပ်သွားမည် ဖြစ်ပြီး အီးယူ အဖွဲ့ဝင် နိုင်ငံများ တွင် အသုံးပြု သွားမည် ဖြစ်ကြောင်း ၊ အချို့သော ကာကွယ်ဆေးများကိုလည်း ဝင်ငွေနည်းပါးသည့် နိုင်ငံ နှင့် ဥရောပတိုက် ရှိ အီးယူ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများကို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဥရောပ ကော်မရှင် ကျန်းမာရေး နှင့် အစားအသောက်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် တာဝန်ခံ Stella Kyriakides က ဥရောပ ကော်မရှင် နှင့် AstraZeneca ကုမ္ပဏီ တို့ က နှစ်ပတ်ကြာ ဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ဥရောပ ကော်မရှင် အနေဖြင့် တစ်ချိန်တည်း တွင် အခြား ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီ များနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေပြီး အမျိုးမျိုးသော ကာကွယ်ဆေး တို့အား စုဆောင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြား ခဲ့သည်။

လွန်ခဲ့သည့် လဝက်အတွင်း အီးယူ က ပြင်သစ် နိုင်ငံ Sanofi ကုမ္ပဏီ နှင့် အမေရိကန် နိုင်ငံ Johnson & Johnson ကုမ္ပဏီ တို့နှင့် ကာကွယ်ဆေး ဝယ်ယူမှုဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်း ကုမ္ပဏီ နှစ်ခု မှ ကာကွယ်ဆေး အခုရေ ပေါင်း သန်း ၃၀၀ နှင့် သန်း ၂၀၀ အသီးသီး ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။ Stella Kyriakides က သြဂုတ် ၉ ရက် ၌ လက်ရှိအခြေအနေ အရပ်ရပ် အရ ပထမ ဦးဆုံးသော COVID-19 ရောဂါ ကာကွယ်ဆေး အား ယခုနှစ်နှစ်ကုန် သို့မဟုတ် လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)