လူနာများထံမှ သွေးထုတ်ယူပေးသည့် သူနာပြုစက်ရုပ်

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပလျက်ရှိသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်မှု ထုတ်ကုန်ပြပွဲ CIIF တွင် လူနာများထံမှ သွေးထုတ်ယူပေးသည့် သူနာပြုစက်ရုပ်တစ်ရုပ်ကို ပြသခဲ့ကြောင်းသိရသည်။


COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများမှာ ပုံမှန် အတိုင်း လုပ်ဆောင်ရသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်လာသည့်အားလျော်စွာ ဆေးဘက်ဆိုင်ရာအထောက်အကူပြု စက်ရုပ်များကိုလည်း ယခုနှစ် CIIF ပြခန်းများတွင် လူအများစိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြသည်။


သွေးထုတ်စက်ရုပ် ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Puncture (Shanghai) Robotic  Co.,Ltd မှ CEO ဖြစ်သူ  Xie lei  က  “ ဒီပွဲမှာပြထားတဲ့ သွေးထုတ်ယူပေးတဲ့ စက်ရုပ်ဟာဆိုရင် ဒီနှစ်မှာမှ ပထမဆုံးပြသတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်ပါတယ်။ ဒီစက်ရုပ်ကို ထုတ်လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကပ်ရောဂါ ကာကွယ်ရေး အတွက်ရည်ရွယ်ပါတယ်။ ဒီစက်ရုပ်ကို fever clinic တို့လိုနေရာမျိုးတွေနဲ့  လူနာတွေနဲ့ သူနာပြုတွေအကြား တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရမယ့်နေရာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဒီ သွေးထုတ်စက်ရုပ်ဟာဆိုရင် ပုံမှန် နဲ့မတူတဲ့ ရောဂါ လက္ခဏာ ရှိတဲ့ လူနာတွေ  ဥပမာ အဝလွန်တဲ့လူနာတွေနဲ့ ကင်ဆာလိုမျိုးရောဂါ ရှိတဲ့ လူနာတွေအတွက် လည်း အင်မတန် အသုံးဝင်ပါတယ်။ အဲဒီလို လက္ခဏာ ရှိတဲ့ လူနာမျိုးတွေဆီက သွေးထုတ်ယူမယ်ဆိုရင် သွေးကြောတွေက ရှာဖွေရခက်တာကြောင့် သူနာပြုများအတွက် ပိုမိုခက်ခဲစေပါတယ်။ ဒီစက်ရုပ်ကတော့ ပုံရိပ်ဖမ်းခြင်း၊  အနီအောက်ရောင်ခြည်နှင့် နှုန်းလွန်အသံလှိုင်း (Ultrasound) နည်းပညာ များကို AI နည်းပညာနဲ့ ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ထုတ်လုပ်ထားပါတယ်။ အနီအောက်ရောင်ခြည်နှင့် နှုန်းလွန်အသံလှိုင်း နည်းစနစ်များဖြင့်သွေးကြောများကို ထောက်လှမ်းနိုင်ပါတယ်။ ဒါဟာ လူသားများရဲ့ မျက်လုံးနှင့် လက်များထက်လည်း ပိုမိုတိကျမှုရှိပါတယ်။ စက်ရုပ်က သွေးထုတ်ယူနေတဲ့အချိန်မှာ လူနာက နာကျင်မှုကိုလည်းသိပ်ပြီးမခံစားရစေပါဘူး။  သွေးထုတ်စက်ရုပ်နဲ့သွေးထုတ်ယူတဲ့အခါ အောင်မြင်မှုနှုန်းက သူနာပြုတစ်ယောက် နဲ့ သွေးထုတ်ယူတဲ့ အောင်မြင်မှုနှုန်းထက်ပိုမိုသာလွန်ပါတယ်” ဟု ၎င်းကဆိုသည်။


၂၂ ကြိမ်မြောက် CIIF ပြပွဲ ကို  ရှန်ဟိုင်းမြို့တွင် အကျယ်အဝန်း အားဖြင့် ဧရိယာစတုရန်းမီတာပေါင်း ၂၄၅,၀၀၀ တွင် ခင်းကျင်းပြသပြီး လုပ်ငန်းကုမ္ပဏီပေါင်း ၂ထောင်ကျော်ပါဝင်ပြသသည်။ စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ၅ ရက်တာကျင်းပသည့် အဆိုပါပွဲတွင် အင်တာနက်နည်းပညာများနှင့် စက်မှုကဏ္ဍပေါင်းစပ်မှုဖြင့် နောက်ဆုံးပေါ်ဖွံ့ဖြိုးတိုးတက်မှုများကို ထင်ဟပ်စေမည့် အခင်းအကျင်းများအား “ အသိဉာဏ်နှင့် အပြန်အလှန်ချိတ်ဆက်မှုမှသည် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သစ်ဆီသို့ချီတက်မည်” ဟူသည့်  အကြောင်းအရာများကို ပေါ်လွင်စေသည့် ပြခန်းများပြသခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Latest Videos