မေ့ပျောက်ပစ်၍ မရနိုင်သော ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်းကြီး 

ထိုင်းနိုင်ငံ ကန်ချနာဘူရီရှိ သေမင်းတမန်ရထားလမ်းဖြတ်သန်းသွားရာ ကွေးမြစ်ကူးတံတားအားတွေ့ရစဉ်(ဆင်ဟွာ) Asia

ကန်ချနာဘူရီ ၊ ထိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကန်ချနာဘူရီပြည်နယ်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းစကားအပြည့်ဖြစ် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံ၏ ကန်ချနာဘူရီပြည်နယ်သည် “သေမင်းတမန်ရထားလမ်း” ကြောင့် အလွန်တရာဆိုးဝါးသော သမိုင်းပုံရိပ်တစ်ခုတွင် ထင်ကျန်ရစ်နေခဲ့ရသည်။ ယင်းသည် ၁၉၅၇ ခုနှစ်က အော်စကာဆုရရှိခဲ့သော “ The Bridge on the River Kwai” ရုပ်ရှင်တွင် ပါဝင်သည့် နာမည်ကျော် သံမဏိတံတားကြီး တည်ရှိရာ နေရာလည်းဖြစ်သည်။ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်သည် မဟာမိတ်တပ်ဖွဲ့ဝင် စစ်အကျဉ်းသား ၆၀,၀၀၀ ကျော် နှင့် အရှေ့တောင်အာရှဒေသမှ အလုပ်သမား ၃၀၀,၀၀၀ ခန့်ဖြင့် တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်း၍ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံကို ဆက်သွယ်ပေးမည့် အရှည် ၄၁၅ ကီလိုမီတာရှိသော ရထားလမ်းကြီးကို ဖောက်လုပ်ခဲ့ကြသည်။

ထိုင်းနိုင်ငံ ကက်ချနာဘူရီ ရှိ နာမည်ကျော် သေမင်းတမန်ရထားလမ်း အစိတ်အပိုင်းတစ်ခုဖြစ်သော ကွေးမြစ်ကူးတံတားအားတွေ့ရစဉ်(ဆင်ဟွာ)

ရထားလမ်းဖောက်လုပ်မှု စီမံကိန်းအတွင်း လူထောင်ပေါင်းများစွာ အသက်သေဆုံးခဲ့ရပြီး ယင်းရထားလမ်းသည်လည်း “ သေမင်းတမန်ရထားလမ်း” ဟူ၍ လူသိများ ထင်ရှားခဲ့ရသည်။ကန်ချနာဘူရီပြည်နယ်အတွင်းရှိ ကွေးမြစ်(Kwai) ပေါ်တွင် တည်ဆောက်ထားသော မြစ်ကူးတံတားကြီးသည် ရထားလမ်းတစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ထိုင်း-မြန်မာ သေမင်းတမန်ရထားလမ်းတည်ဆောက်မှုအတွင်း သေဆုံးခဲ့ရသည့် စစ်အကျဉ်းသား ၁၀,၀၀၀ ကျော်ကို ကန်ချနာဘူရီရှိ စစ်သင်္ချိုင်း နှစ်ခု နှင့် မြန်မာနိုင်ငံ သံဖြူဇရပ်မြို့ရှိ စစ်သင်္ချိုင်းတစ်ခုတွင် အသီးသီးမြှုပ်နှံထားကြသည်။ ပြီးခဲ့သော နှစ်များက ဩစတြေးလျ ၊ နယ်သာလန် နှင့် ဂရိတ်ဗြိတိန် စသည့် နိုင်ငံများမှ အဆိုပါ ရထားလမ်းဖောက်လုပ်မှုတွင်ပါဝင်ခဲ့ကြသည့် စစ်အကျဉ်းသားများ၏ သားသမီးမြေးမြစ် မိသားစုဝင်များသည် ကန်ချနာဘူရီသို့လာရောက်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အရိုအသေပြုခဲ့ကြသည်။

သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုတွင် ပါဝင်ခဲ့သော ချွေးတပ်သားဟောင်းတစ်ဦး၏ သားဖြစ်သူ Terry Manttan အားတွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့လာရောက်ခဲ့သူများထဲတွင် ဩစတြေးလျနိုင်ငံသား Terry Manttan လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းက “ ကျွန်တော့်အဖေဟာ စစ်အကျဉ်းသားတစ်ယောက်အနေနဲ့ သေမင်းတမန်ရထားလမ်းဖောက်လုပ်တဲ့ လုပ်ငန်းထဲမှာ ပါဝင်ခဲ့ရတယ် ၊ ကျွန်တော်အသက်ကြီးလာတဲ့အချိန်မှာ ကျွန်တော်သိချင်တဲ့စိတ်တွေပြင်းပြလာတယ် ၊ ဒါကြောင့် ဒီနေရာကိုလာပြီး ကြည့်ရှုတာပါ၊ ဘယ်လိုတွေဖြစ်ပျက်ခဲ့လဲဆိုတာကို သိချင်ရုံသက်သက်ပါ”  ဟု ဆိုသည်။

ဩစတြေးလျနိုင်ငံမှ Rod Beattie သည် ကန်ချနာဘူရီသို့လာရောက်ခြင်းမှာ စစ်သမိုင်းနှင့်တစ်စုံတစ်ရာပတ်သက်ဆက်နွယ်မှုမရှိကြောင်း ဆိုသည်။ “ ဒီဒေသမှာ စစ်ပွဲကာလက အတွေ့အကြုံတွေနဲ့ ရထားလမ်းအကြောင်းကို သိဖို့လာရောက်လေ့လာတာပါ ၊ သူက ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက်လေ ၊ ဒါကြောင့် ထိုင်းနဲ့မြန်မာနိုင်ငံအကြား တောတောင်ထူထပ်တဲ့ဒေသမှာ ရထားလမ်းဘယ်လိုဖောက်ခဲ့လဲဆိုတာ သိဖို့ စိတ်ဝင်စားခဲ့တာပါ”ဟု Manttan က ရှင်းပြသည်။ “ အဲဒီစိတ်ဝင်စားမှုကပဲ သူ့ကို ပိုပိုပြီး သိချင်တဲ့စိတ်တွေ ဖြစ်ပေါ်စေခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီရှိ ချွေးတပ်သား ၇,၀၀၀ ကျော်မြှုပ်နှံထားရာ စစ်သင်္ချိုင်း အားတွေ့ရစဉ်(ဆင်ဟွာ)

၂၀၀၃ ခုနှစ်တွင် Beattie သည် စစ်အကျဉ်းသား ၇,၀၀၀ ခန့်မြှုပ်နှံထားသည့် ကန်ချနာဘူရီစစ်သင်္ချိုင်း အနီးတွင် ထိုင်း-မြန်မာရထားလမ်းစင်တာ နှင့် သေမင်းတမန်ရထားလမ်းပြတိုက်ကို တည်ထောင် ဖွင့်လှစ် ခဲ့သည်။အဆိုပါ ပြတိုက် ဖွင့်လှစ်ပြီး နှစ်နှစ်အကြာတွင် Manttan သည် ကန်ချနာဘူရီသို့လာရောက်လည်ပတ်ခဲ့ပြီးနောက် သူသည် ယင်း ပြတိုက်တွင် ပြတိုက်မှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ရာက ယင်းနေရာတွင် ၁၅ နှစ်နီးပါး နေထိုင်ဖြစ်ခဲ့သည်။

အဆိုပါ ပြတိုက်သို့ စစ်အကျဉ်းသား(ဟောင်း) များ နှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် တစ်နှစ်လျှင် ပျမ်းမျှ ဧည့်သည်ပေါင်း ၇၅,၀၀၀ ခန့်လာရောက်လည်ပတ်လေ့ရှိကြောင်း ပြတိုက်မှူး Manttan က ဆိုသည်။  “ စစ်အကျဉ်းသားဟောင်းတွေထဲဟာ ဒီနေရာကို နောက်ထပ်ဘယ်တော့မှ မလာချင်ကြသူတွေပေါ့။ ဒါပမေယ့် သူတို့ဟာ ထပ်ခါထပ်ခါ ပြန်လာကြည့်ဖြစ်ကြပါတယ်” ဟု ၎င်းက  ဆင်ဟွာသို့ ပြောကြားခဲ့သည်။လက်ရှိတွင် စစ်အကျဉ်းသားဟောင်းဦးရေသည် အနည်းငယ်မျှသာ ကျန်ရှိတော့ကြောင်း ၊ ထို့ကြောင့် ပြတိုက်ကြီးသည် နောင်လာနောက်သား မျိုးဆက်များအတွက် သမိုင်းကို ပြန်ပြောင်းပြောပြမည့် နေရာတစ်ခုဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ကက်ချနာဘူရီ ရှိ နာမည်ကျော် သေမင်းတမန်ရထားလမ်း အစိတ်အပိုင်းတစ်ခုဖြစ်သော ကွေးမြစ်ကူးတံတားအားတွေ့ရစဉ်(ဆင်ဟွာ)

“  လူတွေဟာ ဒီနေရာကို ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ဘူးလို့ ကျနော်တို့မျှော်လင့်ပါတယ် ၊ အနာဂတ်မျိုးဆက်သစ်တွေဟာလည်း ဒီနေရာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ဘယ်တော့မှ မေ့ပျောက်ပစ်ကြမှာမဟုတ်ပါဘူး” ဟု Manttan က ဆိုသည်။ “ ဒီလူတွေဟာ ဘယ်လိုအကြောင်းတရားနဲ့မှ မသေသင့်ဘူးလေ ၊ သူတို့မိသားစုတွေဟာလည်း တစ်ယောက်ထဲ အထီးကျန်စွာ ကျန်ရစ်မနေသင့်ဘူးပေါ့။ သူတို့ဟာ သူတို့နိုင်ငံအတွက် ပါဝင် လုပ်ကိုင်ခဲ့ကြသူတွေပါ။ အဲဒီကာလတုန်းက သူတို့ ဟာ အမှန်တကယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လုပ်ကိုင်ခဲ့ကြသူတွေပေါ့။ ဒါဟာ ဘာကြောင့် သူတို့ကို ပြန်ပြောင်းသတိရသင့်လဲဆိုတဲ့ အရေးကြီးတဲ့အချက်တစ်ခုပါပဲ ” ဟ ၎င်းကဆိုသည်။ 

အသက် ၇၆ နှစ်အရွယ် ပြတိုက်မှူးက “ ပြတိုက်ဆိုတာ သက်ရှိ လူသားတွေရဲ့ အကြောင်းပါပဲ ၊ ဒါဟာ သမိုင်းကြောင်းတစ်ခုကို ဖော်ထုတ်ရာနေရာလည်းဖြစ်တယ်၊ ဒါဟာ အချက်အလက်တွေလည်းဖြစ်တယ်။ ဒါဟာ စစ်မှုရေးရာအကြောင်းဖြစ်ပေမယ့် အထူးသဖြင့် သက်ရှိလူသားတွေရဲ့ အကြောင်းပဲပေါ့ဗျား” ဟု ဆိုသည်။“သေမင်းတမန်ရထားလမ်း” ကို ၁၉၄၇ ခုနှစ်တွင် ပိတ်ပစ်ခဲ့သည်။ သို့သော် သိပ်မကြာမီ ကာလတစ်ခုဖြစ်သည့် ၁၉၅၇ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရထားလမ်းပေါ်ရှိ ကွေးမြစ်ကူးတံတားသည် ဗုံးဒဏ်မှ လွတ်မြောက်ခွင့်ရခဲ့ရာ ကန်ချနာဘူရီတွင် ကမ္ဘာလှည့်ခရီးသွားစွဲဆောင်နေရာတစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။ လက်ရှိတွင် ယင်းရထားလမ်းကို အသုံးပြုနေဆဲဖြစ်ပြီး နေ့စဉ် ရထားများ ပုံမှန်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။(Xinhua)