ပိုလန်၌ တပ်ချထားမှု ထပ်တိုးကာ ဥရောပတွင် အမေရိကန် မွှေပြန်ပြီ 

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ပိုလန်နိုင်ငံ သမ္မတ Andrzej Duda တို့ ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ) Europe

ဝါဆော၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဩဂုတ် ၁၅ ရက်က ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ပိုလန်တွင် တပ်ဖွဲ့ဝင် တိုးမြှင့်ချထားရန် တရားဝင် အတည်ပြုခဲ့သည်။ သုံးသပ်လေ့လာသူအချို့က အဆိုပါ သဘောတူညီချက်သည် ပိုလန်-အမေရိကန် ဆက်ဆံရေး ပိုမို နီးကပ်လာသည်ကို ဖော်ပြခြင်းဖြစ်သော်လည်း ရုရှား၏မကျေနပ်မှုနှင့် သတိချပ်မှုကို ဖြစ်ပေါ်စေမည်မှာ သေချာပြီး နေတိုးအဖွဲ့အတွင်း ပဋိပက္ခများကို ပို၍ နက်ရှိုင်းစေနိုင်ကြောင်း ဆိုသည်။ 

တပ်ဖွဲ့ဝင် တစ်ထောင် ထပ်တိုးချထား

သဘောတူညီချက်အရ အမေရိကန်သည် ၎င်း၏ပိုလန်အခြေစိုက်တပ်ဖွဲ့ကို အင်အား ၄,၅၀၀ မှ ၅,၅၀၀ ထိ တိုးမြှင့်ခဲ့ပြီး အမေရိကန် အမှတ် ၅ တိုင်းစစ်ဌာနချုပ်၏ ရှေ့တန်း ကွပ်ကဲမှုဌာနအဖြစ် ထားရှိသွားမည်ဖြစ်သည်။ မြောက်အတ္တလန္တိတ်စစ်မဟာမိတ်စာချုပ်အဖွဲ့(NATO) ၏ ဉရောပ အရှေ့ပိုင်း တပ်ဖွဲ့ ကွက်ကဲရေးစင်တာသည်လည်း ပိုလန်တွင်အခြေစိုက်ရာ အနာဂတ်တွင် အမေရိကန် တပ်ဖွဲ့ဝင် အများဆုံး ၂ သောင်းခန့်ထိ ပိုလန်က လက်ခံရနိုင်ဖွယ်ရှိနေသည်။ ပိုလန်နိုင်ငံကိုယ်စား သဘောတူချက်တွင် လက်မှတ်ရေးထိုးသည့် ပိုလန် ကာကွယ်ရေး ဝန်ကြီး Mariusz Blaszczak က ယင်းသဘောတူညီချက်သည် အမေရိကန်အား ပိုလန်နိုင်ငံတွင် အမြဲတမ်းတပ်စွဲရန် လမ်းခင်းခြင်းဖြစ်ရာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုများ ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။  

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပသော G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်အား ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သုံးသပ်လေ့လာသူများက ယခုနှစ်ပိုင်းများတွင် ပိုလန်နှင့်အမေရိကန်သည် သံတမန်ဆက်ဆံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး စသည့် ကဏ္ဍများတွင် ခြေလှမ်းတစ်ထပ်တည်း ဖြစ်နေကြောင်း ဆိုသည်။ ပိုလန်-အမေရိကန် ဆက်ဆံရေးသည် ယခင်ကမရှိခဲ့ဖူးသော နီးကပ်မှုများရှိကြောင်း၊ စစ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အနာဂတ်တွင် ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိုလန် သမ္မတAndrzej Dudaက ပြီးခဲ့သည့်ရက်ပိုင်းတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ်  ဖြေကြားခဲ့သည်။ 

ဂျာမနီနိုင်ငံ Lubmin ရှိ Nord Stream 2 သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်မှုလုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပိုလန်နိုင်ငံသည် ပိုလန်မြေပေါ်၌ အမေရိကန်တပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ချထားရန် အမြဲမျှော်လင့်ထားရာ ၎င်းတို့အနေဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အကုန်ကျခံကာ ရှေ့တန်းခံတပ်  “Fort Trump” တည်ဆောက်ကာ အမေရိကန်တပ်ဖွဲ့ ဝင်များ အမြဲတမ်း အခြေစိုက်တပ်ဆွဲနိုင်ရန် ကိုယ်တိုင် အဆိုပြုမှုများရှိကြောင်း သိရသည်။ သို့သော်လည်း ပိုလန် ပြည်တွင်းတွင် အမေရိကန်နှင့်ပို၍နီးကပ်လာသည့်အပေါ် သံသယအသံ မရှိသည်တော့ မဟုတ်ပေ။ ပိုလန် ဝါရင့် သတင်းထောက် ဆက်ကိုစကီး က  “ဂျပန်နဲ့ တောင်ကိုရီးယားအခြေအနေကို ကြည့်ရင် သိနိုင်ပါတယ်။ ပိုလန်က ဒီအတွက် ပေးဆပ်ရမယ့် ကုန်ကျစရိတ်ကလည်း မနည်းပါဘူး” ဟု ဆိုသည်။ 

အမေရိကန်တပ်ဖွဲ့အနေဖြင့် ပိုလန်တွင် နိုင်ငံပြင်ပတရားစီရင်ပိုင်ခွင့်(Extraterritoriality)ရှိမရှိ ဆိုသည်မှာ အများ အာရုံစိုက်စရာ အကြောင်းအရာဖြစ်လာသည်။ ယင်းအပေါ် Mariusz Blaszczakက ဩဂုတ် ၁၅ ရက် တုံ့ပြန်ပြောကြားရာတွင် အမေရိကန်စစ်တပ်အနေဖြင့် နိုင်ငံပြင်ပ တရားစီရင်ပိုင်ခွင့် အာဏာမရှိကြောင်း နှင့် ၎င်းတို့၏တာဝန်ထမ်းဆောင်မှုမှအပ အခြား ပြစ်မှုကျူးလွန်ခြင်းများကို ပိုလန်နိုင်ငံကသာ တရားစီရင်ပိုင်ခွင့်ရှိကြောင်း ဆိုသည်။ 

ရုရှားကို နှိုးဆွသလို ဖြစ်နေ 

ပိုလန်အစိုးရက အမေရိကန် တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းခြင်းသည် ပိုလန်နှင့် အရှေ့ဥရောပဒေသ တစ်ခုလုံးကို ပို၍ လုံခြုံမှုရှိစေမည်ဟု ယူဆသည်။ သို့သော် မြူးနစ်ချ် လုံခြုံရေး ကွန်ဖရင့်(MSC) ဥက္ကဋ္ဌ Ischingerက အမေရိကန်၏ ဤလုပ်ဆောင်ချက်သည် အနုတ်လက္ခဏာ သက်ရောက်မှုရှိမည်ဖြစ်ပြီး ရုရှားကို မှားယွင်းသည့် သတင်းစကားပါးခြင်းဖြစ် ကြောင်း ယူဆသည်။ 

ကမ္ဘာတစ်ဖက်ခြမ်း အဝေးတွင် တည်ရှိသည့် အမေရိကန်နှင့် နီးကပ်စွာ ဆက်ဆံခြင်းသည် အနီးအနားရှိနိုင်ငံများနှင့် ပို၍ အလှမ်းကွာစေမည်ဖြစ်ရာ ပိုလန်အတွက် အမြတ်ထက်အရှုံးက ပိုများလိမ့်မည်ကြောင်း ပိုလန် နိုင်ငံတကာရေးရာ ပညာရှင် Shafasက ဆိုသည်။ 

သုံးသပ်လေ့လာသူများက နေတိုးတပ်ဖွဲ့အင်အားကို အရှေ့ဘက်သို့ ရွှေ့လားခြင်းသည် မော်စကို၏ အထူး အာရုံစိုက် သတိချပ်စရာ ဖြစ်နေရာ သမိုင်းအစဉ်အလာအရ ထိတွေ့မှုမပြတ်ခဲ့သည့် ပိုလန်နှင့် ရုရှား၏ ဆက်ဆံရေးကို ပို၍ တင်းမာ စေကြောင်း ဆိုသည်။ အမေရိကန်သည် ရုရှားနှင့်ထိစပ်နေသည့် နေတိုးအဖွဲ့ဝင်နိုင်ငံနှင့်ဒေသများတွင် တပ်ဖွဲ့အင်အား တိုးချခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းသည် ဥရောပဒေသ၏ လုံခြုံရေးအတွက် အကျိုးမဖြစ်နိုင်ဘဲ ၎င်းဒေသ၏ မူလကတည်းက တည်ငြိမ်မှုမရှိသည့်လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေကို ပို၍ ရှုပ်ထွေးစေကာ ရုရှားနှင့်နေတိုးအကြား တွေ့ဆုံဆွေးနွေးမှုများကို ပို၍ ခဲယဉ်းစေမည်ဖြစ်ကြောင်း  ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Zaytsev၏ စကားကို ကိုးကား၍ Izvestia သတင်းစာက ဖော်ပြခဲ့သည်။  

ရုရှားဖက်ဒရေးရှင်း နိုင်ငံ အောက်လွှတ်တော်(State Duma)ဒုတိယ ဥက္ကဋ္ဌ Yuri Shvetkin က အမေရိကန် တပ်ဖွဲ့အင်အား တစ်ထောင်တိုးချတပ်စွဲခြင်း၏ သက်ရောက်မှုသည် အကန့်အသတ်ရှိသော်လည်း ၎င်းမှာ  ရုရှားနိုင်ငံအနေဖြင့် မိမိနိုင်ငံ အနောက်ပိုင်း လုံခြုံရေးကို ကာကွယ်ထိန်သိမ်းရန် မဖြစ်မနေ အင်အားအမြောက်အမြားတိုးမြှင့်ချထားရနိုင်ဖွယ်ရှိကြောင်း နှင့် ရုရှားတွင် ညီမျှသည့် တုံ့ပြန်မှုများ ပြုလုပ်သွားရန် အရင်းအမြစ်အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်။ ရုရှားအနီးတဝိုက်ဒေသတွင် တပ်ဖွဲ့ဝင်များ တိုးချဲ့နေရာထားခြင်း၊ အင်အားပြခြင်းက မည်သည့် ရလဒ်ကောင်းမျှ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

နေတိုးအဖွဲ့တွင်း ဆက်ဆံရေး ရှုပ်ထွေးအောင် မွှေနှောက်နေ

သုံးသပ်လေ့လာသူများက ပိုလန်နှင့်အမေရိကန် သဘောတူညီ စာချုပ်ချုပ်ဆိုသည့် အချိန်သည် ဂျာမနီအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချမည်ဟု အမေရိကန်ဘက်က ကြေညာပြီးချိန်နှင့်တိုက်ဆိုင်နေကြောင်း ဆိုသည်။ ဂျာမနီမှ ရုပ်သိမ်းသည့် တပ်ဖွဲ့ဝင်များကို ပိုလန်တွင် တစ်လှည့်ပြန် တပ်ချရန် အခြေအနေတစ်ရပ် ဖြစ်စေသည်။ အမေရိကန်ဘက်က ကြည့်မည်ဆိုပါက ထိုသဘောတူညီမှုစာချုပ်သည် ပိုလန်ကို ချစ်ကြည်ရင်းနှီးသည့် ဆုလဒ်ပေးခြင်းဖြစ်သလို ဂျာမနီ၏ စစ်သုံးစရိတ် အကြွေးကျန် ထားခြင်းကို အပြစ်ပေးသည့် သဘောလည်း ဖြစ်စေသည်။

ထရမ့်အစိုးရ အာဏာရပြီးနောက်ပိုင်း “အမေရိကန် ဦးစားပေး” တစ်ဖက်သတ်ဝါဒ မူဝါဒများကို အဆက်မပြတ်တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ဘက်ပေါင်းစုံဝါဒကို ပို၍အလေးထားသည့် ဂျာမနီစသည့် အစဉ်အလာ ဥရောပ မဟာမိတ်များနှင့် စစ်သုံးစရိတ် မျှဝေတာဝန်ယူရေး ၊  Nord Stream 2 သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ တာလတ်ပစ် နျူကလီးယားသဘောတူညီချက် (INF)စသည့် ကဏ္ဍစုံတွင် သဘောထားမတိုက်ဆိုင်မှုများ  ပိုမို ပြင်းထန်လာခဲ့သည်။ ယခုအကြိမ် ဂျာမနီအခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်အချို့ကို ပိုလန်သို့ ရွှေ့ပြောင်းခြင်းလုပ်ရပ်သည် နေတိုးအဖွဲ့၏ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း အပြစ်တင်ခြင်း ခံနေရသည်။ 

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ဥရောပရေးရာ တာဝန်ခံအရာရှိဟောင်း William Courtneyက အမေရိကန်၏ ဤလုပ်ဆောင်ချက်သည် နေတိုးအဖွဲ့ မဟာမိတ်ဆက်ဆံရေးကို ရှုပ်ထွေးအောင် ထပ်မံမွှေနောက်ခြင်းဖြစ်ရာ ဥရောပ၏အမေရိကန်အပေါ် ယုံကြည်မှု လျော့နည်းလာစေနိုင်ကြောင်း ဆိုသည်။ 

ပိုလန်ဘက်က ယခုနှစ်ပိုင်းများတွင် အမေရိကန်တပ်ဖွဲ့ များ ၎င်းနိုင်ငံအတွင်း အမြဲတမ်းအခြေစိုက်ရန် မျှော်လင့်လျက်ရှိသော်လည်း အမေရိကန်က ခြေလှမ်းကျယ်ကျယ် လှမ်းလိုခြင်း မရှိသေးပေ။ ပိုလန်က အင်အားတောင့်တင်းသည့်အမေရိကန်တပ်ဖွဲ့အင်အားစု အကာအကွယ်ကို ရရှိသည့်အခါ ကာကွယ်ရေးအသုံးစာရိတ် စတင်လျှော့ချမည်ဖြစ်ရာ ၎င်းကို အခြား နေတိုးမဟာမိတ်နိုင်ငံများက ကျေနပ်မှုရှိမည်မဟုတ်သလို ဝါရှင်တန်နှင့် မော်စကိုအကြား ပဋိပက္ခများကို ပို၍တိုးလာစေနိုင်မည်ဟု အိမ်ဖြူတော်က ယူဆသောကြောင့် နောက်ဆုံးတွင် တပ်ဖွဲ့ဝင် အင်အား တစ်ထောင်ခန့်သာ ထပ်တိုးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း Zvezda ရုပ်မြင်သံကြား ဝဘ်ဆိုက်က သုံးသပ်ရေးသားထားသည်။ 

ထို့အပြင် အမေရိကန်သည် ပိုလန်နှင့် ယခုအချိန်တွင် သဘောတူညီချက်ရေးထိုးခြင်းသည့် ပြည်တွင်းနိုင်ငံရေး အပေါ်  ဦးတည် စဉ်းစားမှုများ ရှိနေနိုင်သည်။ အမေရိကန်နိုင်ငံရှိ ပညာရှင်အဖွဲ့တစ်ခု ဖြစ်သည့် Carnegie Endowment for International Peace (CEIP)၏ ဒုတိယ အကြီးအကဲ Douglas H Paalက ထရမ့်အနေဖြင့် ယခုနှစ်ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရလိုခြင်းကြောင့် အမေရိကန်နိုင်ငံရှိ ပိုလန်လူမျိုးများကို စည်းရုံးခြင်းပင်ဖြစ်ကြောင်း ဆိုသည်။ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပိုလန်လူမျိုးများ၏အခန်းကဏ္ဍက အရေးကြီးခဲ့ခြင်းကြောင့် ထရမ့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ၎င်းတို့၏ ထောက်ခံမဲရရှိရန်အတွက် ဆက်လက် စည်းရုံးလိုခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သုံးသပ်ဖော်ပြထားသည်။ (Xinhua)