အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများအပေါ် ရှုတ်ချ

နယ်သာလန်နိုင်ငံသဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး အဆောက်အဦအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Europe

သဟိတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က ၎င်း၏ ရှေ့နေချုပ် နှင့် ရုံးအဖွဲ့ဝင်တစ်ဦးအား အမေရိကန်အစိုးရက  စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“ နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်း တစ်ခုနဲ့ သူ့ရဲ့ဝန်ထမ်းတွေအပေါ် တိုက်ရိုက်လုပ်ဆောင်တဲ့ ဒီလိုအတင်းအကျပ်လုပ်ရပ်မျိုးဟာ အရင်ကမရှိခဲ့ဖူးပါဘူး။ ဒါဟာ တရားရုံး ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားစီရင်ရေးရဲ့ ရောမ ဥပဒေပြဌာန်းချက်စနစ် နဲ့ တရားဥပဒေစိုးမိုးရေး အထွေထွေကိစ္စရပ်တွေအပေါ်  သိပ်ကိုပြင်းထန်လွန်းတဲ့ တိုက်ခိုက်မှု လုပ်ရပ်တွေပါပဲ  ” ဟု ICC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)၏  ရှေ့နေချုပ် Fatou Bensouda နှင့် ယင်းရုံးမှ အကြီးတန်းရုံးအဖွဲ့မှူးတစ်ဦး အပေါ် အမေရိကန်နိုင်ငံက စက်တင်ဘာ ၂ ရက်တွင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပိတ်ဆို့မှုများထဲတွင် အမေရိကန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းခြင်း သို့မဟုတ် အမေရိကန်ဥပဒေဖြင့် အရေးယူခြင်းများ ပါဝင်ကြောင်း ပြည်ပမီဒီယာက သတင်းဖော်ပြခဲ့သည်။

ICC အဖွဲ့ဝင် နိုင်ငံများ၏ ညီလာခံ ဥက္ကဌ O-Gon Kwon က အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် ကန့်ကွက်ရှုတ်ချခဲ့ပြီး “ အဲဒီလို အရင်က မရှိဘူးတဲ့ လုပ်ရပ်မျိုးကို ပြင်းထန်စွာ ကန့်ကွက်သလို နိုင်ငံတကာအဖွဲ့အစည်းရဲ့အခြေခံသဘောတူညီမှုတစ်ခုအပေါ် ဆန့်ကျင်တဲ့ လုပ်ရပ်ကိုလည်း လုံးဝလက်မခံနိုင်ပါဘူး ” ဟု ၎င်းက ဆိုသည်။

“ အလွန်ကြီးမားတဲ့ ရက်စက်ကြမ်းကြုပ်မှုတွေအတွက် အပြစ်ပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ ဘုံကြိုးပမ်းအားထုတ်မှုကို အားအင်ချိနဲ့သွားအောင် သူတို့ကလုပ်လိုက်တာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)