အမေရိကန်နိုင်ငံက ဟာဗားနားမှလွဲ၍ ကျူးဘားနိုင်ငံ မြို့များအားလုံးသို့ လေကြောင်းပျံသန်းမှုများ တားမြစ်

အမေရိကန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ) Latin America

ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံအစိုးရအား ဖိအားပေးသည့်အနေဖြင့် ဒီဇင်ဘာလမှစတင်ကာ အမေရိကန်လေကြောင်းလိုင်းများအား ဟာဗားနားမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှလွဲ၍ ကျန်ကျူးဘားရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များအားလုံးသို့ ပျံသန်းခြင်းမှ တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ယခုလိုလုပ်ဆောင်ခြင်းသည် ကျူးဘားအစိုးရက အမေရိကန် လေကြောင်းခရီးသွားလုပ်ငန်းမှ အကျိုးအမြတ် ရရှိနေခြင်းကို ကာကွယ်ရန် ရည်ရွယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

ထိုပြင် အမေရိကန်ရှိ မြို့များစွာမှ ကျူးဘာနိုင်ငံရှိ ဆန်တာကလာရာမြို့၊ ဆန်တီယာဂိုမြို့နှင့် ဟိုလ်ဂျီယံမြို့ အပါအဝင် ခရီးသွားရာနေရာ ၉ ခုသို့ သွားရောက်သည့် ခရီးသည်တင်လေကြောင်းခရီးစဉ်များကိုလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမေရိကန် မီဒီယာများ၏ အဆိုအရ သိရသည်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂုဇ် (Bruno Rodriguez) က “အမေရိကန်နိုင်ငံ၏ ခရီးသွားလာမှု တားမြစ်ခြင်းက အမေရိကန်ပြည်သူများ၏ လွတ်လပ်မှုနှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှုတွေကို ဖျက်ဆီးလိုက်ခြင်းဖြစ်တယ်” ဟု ပြောကြားရင်း အမေရိကန်၏ လုပ်ဆောင်ချက်အပေါ် ရှုတ်ချကြောင်း တွစ်တာ၌ ဖော်ပြထားသည်။

“ဒါပေမဲ့ ကျွန်တော်တို့ဆီက ဘယ်လိုလိုက်လျောမှုမျိုးကိုမှ သူတို့ရရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကျော်လွှားသွားနိုင်မှာပါ” ဟု ရိုဒရီဂုဇ်က ရေးသားခဲ့သည်။

အမေရိကန်-ကျူးဘားဆက်ဆံရေးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ဆိုးရွာလာခဲ့ကြောင်း သိရသည်။ (Xinhua)