
ရန်ကုန်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ ဇာတ်စုရပ်ကွက်ရှိ သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်၌ ထုတ်ပြန်သောသတင်းအရ သိရသည်။
တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော သီပေါဟော်နန်းကို ရှေးမူမပျက်ပြန်လည် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အဆိုပါ သီပေါဟော်နန်းအား ခရီးသွားလာလည်ပတ်နိုင်ရန်လည်း စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်း သီပေါဟော်နန်းကို နိုင်ငံတော်က တရားဝင် ထိန်းသိမ်းခွင့်ပေးသည့်အတွက် သီပေါမြို့အတွက် ပြယုဂ်ကောင်းတစ်ခုဖြစ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆင်ဟွာသို့ ပြောသည်။
အဆိုပါ သီပေါမြို့ရှိ ကျုံးများကိုလည်း ပြန်လည်တူးဖော်ထိန်းသိမ်းပြီး ရှေးဟောင်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းဟော်နန်းကို အများသူငှာ လာရောက်လေ့လာနိုင်အောင် ယဉ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟော်ဝင်းရှိ ကျန်မြေဧရိယာပေါ်တွင် ဗုဒ္ဓကောလိပ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
သီပေါဟော်နန်း ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သီပေါဟော် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ဇူလိုင် ၂၄ ရက်တွင် အစည်းအဝေးတစ်ခုကျင်းပခဲ့ပြီး ဟော်နန်းအဆောက်အဦကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ထားရှိကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား အချိန်သတ်မှတ်၍ လေ့လာခွင့်ပြုရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ အကြံပြုချက်နှင့်အညီ ဟော်နန်း၏ ဘေးပတ်လည် ပေ ၁၂၀ အကွာတွင် မည်သည့်အဆောက်အအုံမှ မဆောက်လုပ်ရန်၊ အဆောက်အအုံ၏ ရှေ့မျက်နှာစာမြင်ကွင်း မကွယ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သီပေါဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စဝ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံအတိုင်း ဆောက်လုပ်နေထိုင်ခဲ့ခြင်းဖြစ်သည်။(Xinhua)







