Connect with us

Media

မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင်သစ်သီးပွဲတော် (မြန်မာ) ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်သစ်သီးပွဲတော် (မြန်မာ) ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် စိုက်ပျိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နယ်စပ်ဖြတ်ကျော် e-commerce စသည့်နယ်ပယ်များမှ တရုတ်ကုမ္ပဏီ ၂၆ ခုသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှင့် စီးပွားရေးအသင်းအဖွဲ့ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် သစ်သီးကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ နယ်စပ်ပြည်နယ်ဖြစ်သည့်အားလျော်စွာ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရာ၌ အောင်မြင်သောအကျိုးရလဒ်များ ရရှိခဲ့သလို နှစ်နိုင်ငံကြား သစ်သီးဝလံကုန်သွယ်မှုသည်လည်း အပြန်အလှန်အကျိုး‌ရှိသည့် ပူးပေါင်းဆောင်ရွက်မှု စံပြဖြစ်ကြောင်း ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် Fei Yunhan က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင်သစ်သီးပွဲတော် (မြန်မာ) သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား စီးပွားရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို မြှင့်တင်ပေးသော အရေးကြီးပလက်ဖောင်းဖြစ်သည်သာမက နှစ်နိုင်ငံ အနီးကပ်ချိတ်ဆက်မှုရှိသည့် ခိုင်မာသော ရင်းနှီးမှုလည်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကာလကြာရှည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်သီးဝလံထုတ်ကုန်များကို အဓိကတင်ပို့သောနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ကုန်သွယ်ရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးသည့် နက်ရှိုင်းသောချစ်ကြည်ရင်းနှီးမှုရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)