Connect with us

Media

ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်နိုင်မည့် အခြေအနေသုံးသပ်ချက်

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိ အားနည်းရပ်ဝန်းသည် နောက်(၆)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ပြီး မေ ၁၀ ရက်၌ ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ မေ ၉ ရက်တွင်ပြောသည်။

ဦးလှထွန်းက “ ၁၁ ရက်နေ့အတွင်း သတိထားရမယ့်နေရာတွေရှိတယ်။ ပင်လယ်မှာဆိုရင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်တို့မှာ သတိထားရမယ်။မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်တယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာတော့ လေတိုက်နှုန်းကတော့ တစ်နာရီကို ၃၅ မိုင်ကနေ ၄၀ မိုင် လောက်တိုက်နိုင်တယ်။ ဒါကမုန်တိုင်းသိပ်အားမကောင်းတဲ့အချိန်’’ ဟုပြောသည်။

မေ ၁၂ ရက်မှ ၁၄ ရက်အတွင်း မုန်တိုင်းက ရွေ့လျားလာပြီး ပိုမိုအားကောင်းသော အခြေအနေဖြစ်သည့်အတွက် ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တစ်ခုလုံး သတိထားရန် လိုအပ်ကြောင်း၊ မကြာခဏမိုးသက်လေပြင်းကျပြီး လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ ပင်လယ်ပြင်တွင် မုန်တိုင်းနှင့် အနီးတစ်ဝိုက်တွင် လေတိုက်နှုန်း
မိုင် ၈၀ လောက်အထိ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ဦးလှထွန်းက “ပင်လယ်ပြင်မှာတော့ မုန်တိုင်းက အားကောင်းမှာပဲ။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ချဉ်းကပ်နိုင်တယ်ဆိုပြီး ထုတ်ပြန်ထားတာရှိပါတယ်။ ပင်လယ်ထဲမှာတော့ လက်ရှိခန့်မှန်းချက်တွေအရ တစ်နာရီကို မိုင် ၁၀၀ ကျော် ၊ ၁၁၀ လောက်တိုက်တယ်။ သို့သော် ကမ်းဝင်တဲ့အချိန်ကျ အားလျော့သွားမယ်။ နာဂစ်က စူပါဆိုင်ကလုန်းဖြစ်တယ်။စူပါဆိုင်ကလုန်းရဲ့ လေတိုက်နှုန်းဆိုရင် တစ်နာရီကို၁၃၈ မိုင်နဲ့ အထက်လောက်ရှိပါတယ်။ အခုမုန်တိုင်းကတော့ အားအလွန်ကောင်းတဲ့ဆိုင်ကလုန်း။ သူကနောက်တစ်ဆင့် လျော့တဲ့အဆင့်လောက် ရှိမယ်လို့ထင်တယ်” ဟုဖြည့်စွက်ပြောကြားသည်။

အဆိုပါ မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းနှင့် မြန်မာကမ်းရိုးတန်းအကြား ချဉ်းကပ်နိုင်ပြီး မုန်တိုင်းလမ်းကြောင်း လက်ယာဘက် မြို့များတွင်မူ မုန်တိုင်း၏ အရှိန်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.