Politics, Law & Military
တတိယ အကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ DPN မှ ကိုယ်စားလှယ်များ အားလုံး လက်မှတ် ရေးထိုး ပါဝင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်နေဟုဆို
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)
မကြာမီ စတင်မည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)မှ ကိုယ်စားလှယ်များ အားလုံး လက်မှတ် ရေးထိုး ပါဝင် နိုင်လိမ့် မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းပြပြ ယုံကြည်နေကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယနေ့သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆဋ္ဌမ အကြိမ် တရားဝင် ဆွေးနွေးပွဲအား ယနေ့သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး စင်တာ (NRPC)၌ ကျင်းပခဲ့ရာတွင် ၎င်းက အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခု ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ခေါင်းဆောင်များအား နှုတ်ခွန်း ဆက်ကြောင်း သတင်းစကားပါးပြီး ခေါင်းဆောင်များဆီမှ ငြိမ်းချမ်းရေး ခြေလှမ်းကို အပြီးတိုင် လှမ်းနိုင် လိမ့်မည်ဟု အလွန် ယုံကြည် နေချင်ပါကြောင်း စကား လက်ဆောင်ပါး လိုက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းအား တွေ့ရစဉ်(ဆင်ဟွာ)
UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်အား တွေ့ရစဉ်(ဆင်ဟွာ)
ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ တွေ့ဆုံဆွေးနွေးမှုများ၏ အကျိုးရလဒ်များ အနေဖြင့် တင်ပြ ဆွေးနွေးချက်များ အတော် ခရီး ရောက်သွားပြီဟု ယုံကြည်ကြောင်း ၊ ယခု ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက်များကို အပြီးပြတ် ဆွေးနွေး နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောကြားခဲ့သည်။
UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်က ၎င်းတို့အနေဖြင့် ယခုအခေါက်တွင် ဤနေရာသို့အမြင့်ဆုံး မျှော်လင့်ချက် ထားပြီး လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် တင်ပြ ဆွေးနွေးချက်များအား နှစ်ဦးနှစ်ဘက် တကယ် နားလည်မှု တူညီနိုင်မှု ၊ ဝေါဟာရ အသုံးအနှုန်းများအား နှစ်ဘက်စလုံး လက်ခံနိုင်မှုများအား တစ်ချက်ချင်းစီခြင်း ပြန်သွားချင်ကြောင်း DPN ခေါင်းဆောင် ခူဦးရယ်က ထည့်သွင်း ပြောကြားခဲ့သည်။
“တကယ်လို့များ တတိယ အကြိမ် ကျင်းပမယ့် ၂၁ ပင်လုံ ညီလာခံကြီးကို တန်းတူရည်တူ တက်ရောက် စေချင်တယ် ဆိုရင် ကျွန်တော်တို့ပါဝင်နိုင်တဲ့ အခင်းအကျင်းကို ကျွန်တော်တို့အခိုင်အမာ ဒီမှာ သဘောတူ ထားဖို့လိုတယ်။ယုံကြည်မှု တည်ဆောက်ထားဖို့လိုတယ်လို့ကျွန်တော် ထင်တယ်။”ဟု ခူဦးရယ်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)