Connect with us

Videos

မြန်မာနိုင်ငံ၌ CITIC Star ပညာသင်ဆုများ စတင်ပေးအပ်

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

CITIC Star ပညာသင်ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားအား မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည်။မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော တရုတ်ကုမ္ပဏီများက CSR လုပ်ငန်းများ တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဒေသခံ စီးပွားရေးနှင့် လူမှုဖူလုံရေး ဖွံ့ဖြိုးတိုးတက်လာရေး ၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမိုခိုင်မာနက်ရှိုင်းလာအောင် တွန်းအားပေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် အမြဲတမ်း တိုက်တွန်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia က အခမ်းအနားတွင် ပြောကြားခဲ့သည်။
လာမည့်နှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း ၊ တရုတ်ဘက်သည် မြန်မာဘက်နှင့် အတူတကွလက်တွဲ၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဆက်ခံကာ အပြန်အလှန် ကူညီထောက်ပံ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် အတူတည်ဆောက်ရေးကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖော်ဆောင်လိုကြောင်း သံအမတ်ကြီး Ms. Ma Jia က ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့က မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား သက်ဆိုင်ရာ နယ်ပယ်အသီးသီးအလိုက် ထိထိရောက်ရောက် ပါဝင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာကျောင်းသား၊ ကျောင်းသူများ ပိုမိုကောင်းမွန်သော သင်ကြားရေး အခြေအနေများ ပံ့ပိုးပေးရေးနှင့် နိုင်ငံ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
CITIC Star ပညာသင်ဆုအား CITIC Myanmar ငွေကြေးထောက်ပံ့ပေးထားပြီး တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှစ်ခုအား လာမည့်နှစ်နှစ်အတွက် ပညာသင်ဆုပေါင်း ၂၄၀ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။လာမည့်နှစ်နှစ်အတွင်း CITIC Myanmar က မြန်မာကျောင်းသားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် အသိပညာပေးဟောပြောပွဲများ၊ တက္ကသိုလ်ကျောင်းသားများ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ စီမံကိန်းများ ၊ ကွင်းဆင်းသုတေသနနှင့် အခြားသော စွမ်းဆောင်နိုင်မှုဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ (Xinhua)