Connect with us

Media

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် လူ ၁၁၃ ဦးသေဆုံး၊ ၆၄ ဦး ပျောက်ဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် လူ ၁၁၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦးနှင့် ပျောက်ဆုံးသူ ၆၄ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

“ပျောက်ဆုံးသူများကိုလည်း ကြိုးစားရှာဖွေလျက်ရှိပါတယ်။ အခုလိုဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ ရေဘေးသင့်ဒေသများကို ကူညီကယ်ဆယ်မှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်မှုလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အချို့နေရာများရှိ မြို့နယ် ၅၆ မြို့နယ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပွါးခဲ့ကြောင်း၊ စက်တင်ဘာ ၁၄ ရက်ညပိုင်းအထိ ရရှိထားသော သတင်းများအရ ရေကြီးရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၇၂,၉၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၈,၀၀၀ ကျော်၊ လူဦးရေ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ (Xinhua)