Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ သက်တမ်း (၁၀၀) ကျော်ရှိ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွါး

ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်း နှစ်ပေါင်းသက်တမ်း (၁၀၀) ကျော်ရှိ နှစ်ထပ် ကျောင်းဆောင် မီးလောင်မှုအား မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ- ညောင်ဦးမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ငှက်ပစ်တောင်ရပ်၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်း နှစ်ပေါင်းသက်တမ်း (၁၀၀) ကျော်ရှိ နှစ်ထပ် ကျောင်းဆောင် တစ်ဆောင်လုံး စက်တင်ဘာ ၂၁ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

“တစ်ပါးတည်းနေကျောင်းထိုင်ဆရာတော်က ကျမ်းဂန်စာအုပ်တွေနဲ့ ဘုရားဝတ်ပြုပစ္စည်းတွေထားတဲ့ဗီရိုပေါ်မှာ ဖယောင်းတိုင်မီးပူဇော်တယ်။ ပြီးတော့ ကုဋီသွားနေတုန်း အဲဒီဖယောင်းတိုင်မီးကတစ်ဆင့် ဗီရိုပေါ်ရှိကျမ်းဂန်စာအုပ်တွေကို စတင်ကူးစက်လောင်ကျွမ်းခဲ့တာပါ” ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင်သည် ရေနံကြီးသုတ်ထားသော ကျွန်းကျောင်းဆောင်ဖြစ်သည့်အတွက် မီးကူးစက်မှူမြန်ဆန်ပြီး အချိန်ခဏအတွင်း တစ်ဆောင်လုံး မီးကူးစက်ခဲ့ကြောင်း၊ယင်း မီးလောင်ကျွမ်းမှုအား စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ယင်းမီးလောင်ကျွမ်းမှုကြောင့် လူသေဆုံးထိခိုက်မှုမရှိကြောင်း သိရသည်။

ငှက်ပစ်တောင်ရပ် ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်းရှိ ပေ (၈၀)၊ ပေ (၆၀) သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် ကျောင်းဆောင်သည် စက်တင်ဘာ (၂၁)ရက်၊ ည (၈)နာရီ၊ (၁၂)မိနစ် စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်နေစဉ်အတွင်းမီးလောင်ကျွမ်းမှုမှာ ပြင်းထန်လာခဲ့ကြောင်း သိရသည်။ (Xinhua)