Connect with us

Africa & Middle East

နေတန်ယာဟု၏ “မဟာအစ္စရေးနိုင်ငံ” ဖော်ဆောင်ရေးဆိုင်ရာ ပြောကြားချက်အား အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံ ၃၁ နိုင်ငံက ပြစ်တင်ရှုတ်ချ2

ကိုင်ရို၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

“မဟာအစ္စရေးနိုင်ငံ” ဖော်ဆောင်ရေးဟူသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ပြောကြားချက်အပေါ်  အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံ ၃၁ နိုင်ငံ၊ အာရပ်အဖွဲ့ချုပ်၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။


ဩဂုတ် ၁၅ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ယင်းကြေညာချက်၌ အစ္စရေးဝန်ကြီးချုပ်၏ ပြောကြားချက်များမှာ နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု ရှုတ်ချထားပြီး သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ၌ အခြေချနေထိုင်သည့် လုပ်ရပ်များ အပါအဝင် အတင်းအဓမ္မ သိမ်းပိုက်ထားမှုအား တရားဝင်ဖြစ်စေရန် ကြိုးပမ်းနေသည့် အစီအမံ သို့မဟုတ် ဆုံးဖြတ်ချက်မှန်သမျှမှာ တရားဝင်မှုမရှိဟု အခိုင်အမာဖော်ပြခဲ့သည်။
ယင်းထုတ်ပြန်ကြေညာချက်၌ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများထဲတွင် အယ်လ်ဂျီးရီးယား၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ချတ်၊ ကိုမိုရော့စ်၊ ဂျီဘူတီ၊ အီဂျစ်၊ ဂမ်ဘီယာ၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ လစ်ဗျား၊ မော်လ်ဒိုက်၊ မော်ရစ်တေးနီးယား၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ အိုမန်၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဆီနီဂေါ၊ ဆီယာရာလီယွန်၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ တူကီယဲ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ယီမင်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။
အစ္စရေး၏ ပြောကြားချက်များမှာ အာရပ်နိုင်ငံများ၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံများ၏ အချုပ်အခြာအာဏာတို့ကိုသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၏ ငြိမ်းချမ်းမှု၊ လုံခြုံမှုတို့ကိုလည်း တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိသည်ဟု ကြေညာချက်၌ သုံးနှုန်းပြောဆိုထားသည်။
ထို့ပြင် လက်ယာစွန်း အစ္စရေးဝန်ကြီး ဘီဇာလာ စမော့ထရစ်ချ်က “E1” ဒေသ၌ အခြေချနေထိုင်မှု အစီအစဉ်အား အတည်ပြုခဲ့ခြင်းနှင့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုအား လက်သင့်မခံဟုဆိုသော ၎င်း၏ အစွန်းရောက်သော ပြောကြားချက်များကိုလည်း ယင်းကြေညာချက်၌ ပြင်းထန်စွာ ရှုတ်ချထားပြီး အစ္စရေးအနေဖြင့် သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေအား အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်မရှိဟု အလေးအနက်ဖော်ပြခဲ့သည်။ (Xinhua)