Environment, Disasters & Accidents
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀လအတွင်း မီးလောင်မှုကြောင့် လူ ၆၈ ဦးသေဆုံးကာ ကျပ် သန်းပေါင်း (၇,၀၀၀) နီးပါး ဆုံးရှုံး
ရန်ကုန်၊ နို၀င်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀ လအတွင်း မီးလောင်မှုကြောင့် လူ ၆၈ ဦးသေဆုံးကာ ကျပ် သန်းပေါင်း (၇,၀၀၀) နီးပါး ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ မြန်မာနိုင်ငံတစ်၀န်း မီးလောင်ကျွမ်းမှု ၈၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရရှိသူ ၁၁၆ ဦး၊ မီးဘေးဒုက္ခသည် ၇၅၆၉ ဦး၊ လူနေအိမ်/အဆောက်အုံ မီးလောင်ကျွမ်းမှု ၂,၆၄၄ လုံး၊ စက်ရုံ ၁၃ လုံးနှင့် ဂိုထောင် ၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ပြောသည်။
အဆိုပါ ၁၀ လတာကာလအတွင်း မီးလောင်ကျွမ်းမှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မီးလောင်ကျွမ်းမှု ၁၈၀ ကြိမ် ၊ ဒုတိယမီးလောင်မှုအများဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် ၁၃၂ ကြိမ်နှင့် တတိယမီးလောင်မှုအများဆုံးဖြစ်သည့် ရှမ်းပြည်နယ်တွင် မီးလောင်မှု ၁၀၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် ၁၀ လတာကာလအတွင်း၌ မီးလောင်ကျွမ်းမှုအများဆုံးလဖြစ်သည့် မတ်လတွင် မီးလောင်ကျွမ်းမှု ၂၀၂ ကြိမ်၊ ဒုတိယ မီးလောင်ကျွမ်းမှုအများဆုံးလဖြစ်သည့် ဖေဖော်၀ါရီလတွင် ၁၂၅ ကြိမ်နှင့် တတိယ မီးလောင်ကျွမ်းမှုအများဆုံးလဖြစ်သည့် အောက်တိုဘာလတွင် ၇၈ ကြိမ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ယခင် ၂၀၂၄ ခုနှစ် ၁၀ လတာကာလတွင် မီးလောင်ကျွမ်းမှု ၁,၀၁၇ ကြိမ်ဖြစ်ပွားမှုနှင့် နှိုင်းယှဥ်ပါက ၂၀၂၅ ခုနှစ် ၁၀ လတာကာလသည် မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုးပါ လျော့နည်းလာခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ပြောသည်။
‘’မီးလောင်မှုအများဆုံးဖြစ်တာ ပေါ့ဆမီးကြောင့်ဖြစ်တယ်၊ နောက် နေအိမ်တွေမှာ သုံးတဲ့ ၀ါယာကြိုးတွေ အိုမင်းဟောင်းနွမ်းပြီး ဗို့အားမနိုင်တာတွေကြောင့် ဖြစ်တယ်’’ ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနစ် ၁၀ လတာကာလအတွင်း မီးလောင်ကျွမ်းမှုများတွင် ပေါ့ဆမီး ၂၇၉ ကြိမ်၊ လျှပ်စစ်၀ါယာရှော့ကြောင့် ၂၇၀ ကြိမ်နှင့် တောမီး ၁၂၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)


