Media
မြန်မာနိုင်ငံ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဧပြီ ၁၃ ရက်တွင် ဖွင့်လှစ်
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊မြို့တော်ခန်းမရှေ့ ၁၃၈၇ ခုနှစ်၊ ရန်ကုန်မြို့တော်မဟာသင်္ကြန်ဗဟိုဖျော်ဖြေရေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် နံနက်ပိုင်းက ယိမ်းအကများဖြင့် ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပမည့် ယိမ်းအကပြိုင်ပွဲတွင် မူကြိုကျောင်းများက (၁၂) ဦးယိမ်း၊ ကျောင်းများက (၁၂) ဦး ယိမ်းနှင့် (၁၆) ဦးယိမ်း၊ ရုံးနှင့် အခြားဌာနများက (၁၂) ဦးယိမ်းနှင့် (၁၆) ဦးယိမ်း၊ အလွတ်တန်းအဖြစ် (၂၀) ဦးယိမ်း၊ ကျားအလွတ်တန်းအဖြစ် (၁၂) ဦးယိမ်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများကို သီးခြားကျင်းပပေးမည်ဖြစ်ပြီး မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
