Asia
အိန္ဒိယနိုင်ငံတွင် ဆင်နင်းခံရသောကြောင့် လူ ၅ ဦးသေဆုံး
နယူးဒေလီ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်၌ တောရိုင်းဆင်တစ်ကောင် တက်နင်းမှုကြောင့် မိသားစုတစ်ခုမှ လူ ၃ ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ သေဆုံးမှုများမှာ အိုဒီရှာပြည်နယ် မြို့တော် ဘူဘာနီဆွာ မြောက်ဘက် ၁၂၇ ကီလိုမီတာခန့်အကွာ အန်ဂူလ်ခရိုင်ရှိ ကျေးရွာနှစ်ခု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်ညတွေက ဆန်ဒါနဲ့ ဆန်သာပတ်ဒါ ကျေးရွာနှစ်ရွာမှာ တောဆင်ရိုင်းတစ်ကောင် တက်နင်းမှုကြောင့် လူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူတွေအနက် သုံးဦးက မိသားစုတစ်ခုထဲကပါ” ဟု အန်ဂူလ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။
သေဆုံးသူများမှာ ဆင်တိုက်ခိုက်နေစဉ် အိပ်ပျော်နေခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အဆိုအရ သိရသည်။
သစ်တောထဲ၌ အစာရှားပါးလာခြင်းကြောင့် ဆင်များမှာ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ လူနေထိုင်ရာနေရာများသို့ ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း အိုဒီရှာပြည်နယ် တောရိုင်းတိရစ္ဆာန်များဆိုင်ရာ တာဝန်ရှိသူများက ပြောခဲ့သည်။
၂၀၁၈ ခုနှစ်က ထိုပြည်နယ်တွင် ဆင်တိုက်ခိုက်ခံရမှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့ကြောင်း အိုဒီရှာပြည်နယ် တောရိုင်းတိရစ္ဆာန်များ လူမှုအဖွဲ့ (WSO) ၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံမီဒီယာ သတင်းများက ဖော်ပြထားသည်။ (Xinhua)