Connect with us

Education & Health

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ခုနှစ်လတာ ကာလ အတွင်း သေဆုံးသူ ၄၈ ဦးရှိ

အသက်အရွယ် အလိုက် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အခြေအနေအား တွေ့ ရစဉ် (ဓာတ်ပုံ - Myanmar CDC)

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ် ခုနှစ်လတာ ကာလ အတွင်း ဖြစ်ပွားသူပေါင်း ၁၀,၇၅၇ ဦး ရှိပြီး သေဆုံးသူ ၄၈ ဦး ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ယနေ့သတင်း ထုတ်ပြန်မှု အရ သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ၁,၉၇၄ ဦး ၊ သေဆုံးသူ ၅ ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားမှု ဒုတိယ အများဆုံး ဖြစ်ပြီး ၁,၇၈၈ ဦး ၊ သေဆုံးသူ ၁၅ ဦး ရှိကြောင်း သိရသည်။

ထို့အတူ ရောဂါ အဖြစ်အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန် တိုင်းဒေသကြီး အပါအဝင် ရခိုင် ပြည်နယ် ၊ မွန်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ခုနှစ်လတာ ကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက် အထိ ကူးစက် ရက်သတ္တပတ် အပတ်စဉ် ၃၀ ထိ ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် အသက် ၁၅ နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါ တွင် အသက်အရွယ် မရွေး ဖြစ်ပွားလျက် ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် မိုးရာသီ၌ ဖြစ်ပွားမှု များပြားသော်လည်း အချို့သော တိုင်းဒေသကြီး/ပြည်နယ် တို့တွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ပုံမှန် ရာသီ အကူးအပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေး ရောဂါ လက္ခဏာများနှင့် ကွာခြားမှု မရှိသောကြောင့် မိဘများ ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အနေနှင့် တုပ်ကွေးဖျား(အထူးသဖြင့် ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နိုင်ခြေကို အစဉ်အမြဲ ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ရောဂါ ကာကွယ် နှိမ်နင်းရေး အသိပေးနှိုးဆော်ချက်တွင် ထည့်သွင်း ထုတ်ပြန်ထားကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါမှာ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာသည့် အေဒီးစ်(Aedes) ခြင်ကျား အကိုက်ခံရခြင်းမှ တစ်ဆင့် ကူးစက် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)